ထိုင်းလွှတ်တော်က တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြု

ထိုင်းလွှတ်တော်က တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြု
Published 9 July 2026

ထိုင်းလွှတ်တော်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာကို အကျိုးခံစားခွင့်ပြုမည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းတစ်ရပ်ကို ဇူလိုင် ၈ ရက်တွင် အတည်ပြုပေးလိုက်ကြောင်း သိရသည်။

သို့သော် အဂတိလိုက်စားမှု သို့မဟုတ် ဘုရင်စနစ်ကို စော်ကားမှုဆိုင်ရာဥပဒေဖြင့် ပြစ်ဒဏ်ကျခံထားရသူများ မပါဝင်ပေ။

အဆိုပါ ဥပဒေကြမ်းသည် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ထိပ်တိုက်တွေ့ခဲ့ကြသည့် ပြိုင်ဘက်အုပ်စုများဖြစ်သော ဘုရင်စနစ်ကို ထောက်ခံသည့် ရှပ်ဝါအဖွဲ့ဝင်များနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ကို ထောက်ခံသည့် ရှပ်နီ အဖွဲ့ဝင်များ နှစ်ဖက်စလုံးကို အကျုံးဝင်စေသည်။

၎င်းတို့အနက် အများစုမှာ ပြစ်ဒဏ်ကျခံပြီးဖြစ်သော်လည်း ယခုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၎င်းတို့အတွက် နိုင်ငံရေးရာထူး ရယူခွင့်အပေါ် ပိတ်ပင်ထားမှုများကို ဖယ်ရှားပေးနိုင်မည်ဖြစ်ကြောင်း ဆူခိုထိုင်းတက္ကသိုလ်မှ လေ့လာဆန်းစစ်သူ ယူထာပွန် အစ်ဆာရာချိုင်း က ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြသော လူငယ်ဆန္ဒပြသူများလည်း ယခုဥပဒေတွင် အကျုံးဝင်သည်။

လူဦးရေ ၁,၀၀၀ နှင့် ၂,၀၀၀ ကြား အကျိုးခံစားခွင့် ရှိနိုင်သော်လည်း အရေးကြီးသည့် ချွင်းချက်အချို့ ရှိနေကြောင်း ယူထာပွန်က အေအက်ဖ်ပီ သတင်းသို့ ပြောကြားခဲ့သည်။

"ဒါဟာ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့အထိ နှစ်ပေါင်း ၂၀ ကာလကို အကျုံးဝင်စေတာကြောင့် နိုင်ငံရဲ့ အကြီးမားဆုံး လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

သို့သော် ဘုရင်နှင့် တော်ဝင်မိသားစုအပေါ် ဝေဖန်မှုများမှ အကာအကွယ်ပေးထားသည့် ထိုင်းနိုင်ငံ၏ အလွန်တင်းကျပ်လှသော ဘုရင်စနစ် ညှိုးနွမ်းစေမှုဥပဒေ ကို ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်ကျခံထားရသူ မည်သူ့ကိုမျှ အကျုံးဝင်စေမည်မဟုတ်ပါ။

ထို့ကြောင့် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုခဲ့ကြသည့် ၂၀၂၀-၂၀၂၁ လူငယ်ဦးဆောင်သော ဆန္ဒပြပွဲများမှ ခေါင်းဆောင်အများစုမှာ ယခုအစီအစဉ်မှ အကျိုးခံစားခွင့် ရရှိလိမ့်မည်မဟုတ်ပေ။

ထို့အပြင် အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများကိုလည်း အကျုံးဝင်မည်မဟုတ်သောကြောင့် အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားမှုတို့ဖြင့် ချမှတ်ထားသည့် ထောင်ဒဏ် တစ်နှစ်အနက် ရှစ်လကြာ ကျခံပြီးနောက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြီးခဲ့သည့် ဇွန်လကမှ ထောင်မှလွတ်မြောက်လာခဲ့သော သက်ဆင်အတွက်လည်း အကျိုးရှိမည်မဟုတ်ပေ။

"ဒီဥပဒေကြမ်းက အရပ်ဘက် တရားစွဲဆိုမှုတွေကို အကျုံးဝင်မှာမဟုတ်ပါဘူး။ဥပမာ လေဆိပ်တွေကို ပိတ်ဆို့မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ရှပ်ဝါအဖွဲ့ဝင်တွေဟာသူတို့ရဲ့ လုပ်ရပ်တွေအတွက် နစ်နာကြေး ဆက်လက်ပေးလျော်ရဦးမှာ ဖြစ်ပါတယ်" ဟု ယူထာပွန်က ဆိုသည်။

ဘုရင်မင်းမြတ်၏ အတည်ပြုချက်ကို ရယူရန် ကျန်ရှိနေသေးသည့် ယခုဥပဒေကြမ်းသည် ချွင်းချက်ပြုထားသည့် ပြစ်မှုများနှင့် မသက်ဆိုင်သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ တရားရင်ဆိုင်နေရမှုများကို အဆုံးသတ်စေမည်ဖြစ်သည်။

သို့သော်လည်း ၎င်းတို့အနက် အများစုမှာ ပြစ်ဒဏ်ကျခံပြီးဖြစ်ကြောင်း ယူထာပွန်က ပြောကြားခဲ့သည်။

"ဒီဥပဒေကြမ်းက သူတို့ရဲ့ အပြစ်တွေကို ပယ်ဖျက်ပေးတာမျိုး မဟုတ်ဘဲ သူတို့ရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို ပြန်လည်ပေးအပ်တာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

နည်းပညာဘီလျံနာ သက်ဆင်သည် ၂၀၀၁ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တို့တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပသို့ တိမ်းရှောင်ခဲ့ရသည်။

၎င်း၏ ဖြူးထိုင်းပါတီ နှင့် ယင်း၏ ယခင်အသွင်ကူးပြောင်းမှု ပါတီများသည် ၂၁ ရာစုအတွင်း ထိုင်းနိုင်ငံ၌ အအောင်မြင်ဆုံး နိုင်ငံရေးပါတီ ဖြစ်ခဲ့ပြီး ရှင်နာဝပ်မိသားစုမှ ဝန်ကြီးချုပ် လေးဦးအထိ ပေါ်ထွက်ခဲ့ကာ ကျေးလက်အခြေခံ လူထုအမြောက်အမြား၏ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုကို ရရှိခဲ့သည်။

သို့သော်လည်း ယင်းပါတီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်နှင့် ကြုံတွေ့ခဲ့ရပြီး တတိယနေရာသို့ ကျဆင်းသွားခဲ့သော်လည်း၊ ကွန်ဆာဗေးတစ် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ် ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။

Ref:AFP

Photo:AFP

Most Read

Most Recent