တရုတ်၏ ကမ်းလွန်ရေပြင်များအတွင်း ရုရှားနှင့်တရုတ်ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

တရုတ်၏ ကမ်းလွန်ရေပြင်များအတွင်း ရုရှားနှင့်တရုတ်ရေတပ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်
Published 7 July 2026
Ref;AFP

တရုတ်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်း သို့ မဟာဗျူဟာမြောက် ဒုံးကျည်တစ်စင်းအား စမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် တရုတ်နှင့် ရုရှားသည် တရုတ်၏ကမ်းလွန်ရေပြင်များအတွင်း နှစ်ပတ်လည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုများကို ဇူလိုင် ၆ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

တရုတ်နှင့် ရုရှားသည် ရင်းနှီးသော သံတမန်ဆက်ဆံရေးရှိကြပြီး မကြာသေးမီနှစ်များအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခဲ့ကြရာ၊ ယင်းအခြေအနေသည် ယူကရိန်းအပေါ် ရုရှား၏စစ်ပွဲ ဆင်နွှဲမှုကို တရုတ်က ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲထားကြသော အနောက်အုပ်စုအစိုးရများ၏ သံသယပွားမှုကို မြင့်တက်စေခဲ့သည်။

Joint Sea-2026 ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အရှေ့ပိုင်း ချင်တောင်ဆိပ်ကမ်းမြို့တွင် ဇူလိုင် ၆ ရက်က စတင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နှစ်နိုင်ငံရေတပ်များသည် ပူးတွဲကွပ်ကဲမှုဌာနတစ်ခုကို တည်ထောင်ခဲ့ကြပြီး ကွပ်ကဲမှုနှင့် စစ်ဗျူဟာမြောက် ပေါင်းစပ်ညှိနှိုင်းမှု လေ့ကျင့်ခန်းများတွင် ပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်း၊ ဒုံးကျည်ကာကွယ်ရေးနှင့် ကျည်အစစ်များ အသုံးပြုပစ်ခတ်သည့် လေ့ကျင့်ခန်းများကိုလည်း လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများအပြီးတွင် ရေတပ်နှစ်ခုစလုံးသည် ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲကင်းလှည့်မှုတစ်ရပ်တွင် ပါဝင်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သော်လည်း မည်သည့်နေရာတွင် လုပ်ဆောင်မည်ကိုမူ အသေးစိတ်ဖော်ပြခြင်း မရှိပေ။

တရုတ်ရေတပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ သီးခြားထုတ်ပြန်ချက်အရ ယခုစစ်ရေးလေ့ကျင့်မှုများသည် တရုတ်နိုင်ငံက ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ လေ့ကျင့်ရေးထိပ်ဖူးတပ်ဆင်ထားသည့် မဟာဗျူဟာမြောက် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့သည့် နေ့မှာပင် စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးကျည်ပစ်ခတ်မှုသည် စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်း ဟုတ်၊ မဟုတ်ကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဂျပန်နိုင်ငံကမူ တရုတ်အနေဖြင့် ထိုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုကို ပြန်လည်စဉ်းစား သုံးသပ်ရန်တိုက်တွန်းခဲ့ပြီး နယူးဇီလန်နိုင်ငံကလည်း အဆိုပါဒုံးကျည်ပစ်လွှတ်မှုအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားသည် ၂၀၁၂ ခုနှစ်ကတည်းက Joint Sea စစ်ရေးလေ့ကျင့်မှုများကို ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စတော့ခ် ဆိပ်ကမ်းမြို့အနီးတွင် ကျင်းပခဲ့သည့် ပြီးခဲ့သည့်နှစ်က ပူးတွဲစစ်ရေး လေ့ကျင့်မှုအပြီးတွင်လည်း ပစိဖိတ်သမုဒ္ဒရာအတွင်း ပူးတွဲကင်းလှည့်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

ယခုနှစ် စစ်ရေးလေ့ကျင့်မှုများသည် ရုရှားသမ္မတ ဗလာဒီမီယာပူတင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် မကြုံစဖူး မြင့်မားသောအဆင့်သို့ရောက်ရှိနေပြီဟု ပူတင်က ပြောကြားခဲ့ပြီး တရုတ်သမ္မတ ရှီကျင်းပင်ကလည်း မပြိုကွဲနိုင်သော မိတ်ဖက်ဖြစ်မှုကို ချီးကျူးပြောဆိုခဲ့သည်။

 

Most Read

Most Recent