လူသားမျိုးနွယ်၏ အနာဂတ်ကို AI အား ပုံဖော်ခွင့်မပြုရန် ကုလသမဂ္ဂအကြီးအကဲ သတိပေး

လူသားမျိုးနွယ်၏ အနာဂတ်ကို AI အား ပုံဖော်ခွင့်မပြုရန် ကုလသမဂ္ဂအကြီးအကဲ သတိပေး
Published 7 July 2026

ကုလသမဂ္ဂ အကြီးအကဲက လူသားမျိုးနွယ်၏ ကောင်းကျိုးအတွက် ဉာဏ်ရည်တု (AI) ကို ပုံဖော်ပေးနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ဇူလိုင် ၆ ရက်တွင် တောင်းဆိုလိုက်ပြီး ယင်းနည်းပညာကို လူသားများ၏ အနာဂတ်အား ၎င်း၏သဘောအတိုင်း အလိုအလျောက် ပုံဖော်ခွင့် ပြုလိုက်ခြင်းအပေါ် သတိပေးပြောကြားခဲ့သည်။

AI နည်းပညာသည် အရှိန်အဟုန်ပြင်းစွာ တိုးတက်နေသဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က “ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းတွေအပေါ် ဘယ်လိုစီမံကိန်းမှမရှိဘဲ၊သဘော တူညီချက်လည်းမယူဘဲ စမ်းသပ်မှုတစ်ခု ပြုလုပ်နေတာဖြစ်ပါတယ် ” ဟု သတိပေးခဲ့သည်။

“ဒါဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ပါဘူး” ဟု ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ပထမအကြိမ်မြောက် AI စီမံအုပ်ချုပ်မှုကမ္ဘာလုံးဆိုင်ရာဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

နှစ်ရက်ကြာကျင်းပမည့် ယခုပွဲသို့ အစိုးရများ၊ နည်းပညာကုမ္ပဏီများ၊ ပညာရှင်များ နှင့် လူထုအခြေပြု အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် တက်ရောက်သူ ၄၀၀၀ ကျော် စုဝေးရောက်ရှိနေကြပြီး ကမ္ဘာပေါ် တွင် လျင်မြန်စွာ ပြောင်းလဲနေပြီဖြစ်သော ထိုနည်းပညာကို အကောင်းဆုံးမည်သို့ အသုံးချရမည်ဆိုသည်ကို အားလုံးပါဝင်သည့် ဆွေးနွေးမှုတစ်ရပ် စတင်ရန် ဖြစ်သည်။

“မေးခွန်းကတော့ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး ဒီအပြောင်းအလဲကို ပုံဖော်မလား၊ ဒါမှမဟုတ် အဲဒီအပြောင်းအလဲက ကျွန်တော်တို့ကို ပုံဖော်သွားခွင့် ပေးလိုက်မလားဆိုတာပါပဲ” ဟု ဂူတာရက်စ် က ပြောကြားခဲ့သည်။

AI စနစ်များသည် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေသည့် ကိရိယာများ မဟုတ်တော့ကြောင်း ၎င်းက သတိပေးခဲ့သည်။

“AI ဟာ ကုဒ်တွေကို ကိုယ်တိုင်ရေးသားနေကြပြီး၊ အွန်လိုင်းပေါ်မှာ လှုပ်ရှားနေကြသလို၊ လူသားတွေရဲ့ ကြီးကြပ်ကွပ်ကဲမှု ပိုမိုနည်းပါးစွာနဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နေကြပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတွေဟာ အမိန့်ပေးချက်တွေအတိုင်း လုပ်ဆောင်တဲ့ စက်ပစ္စည်းတွေကို စီမံအုပ်ချုပ်ဖို့အတွက် တည်ဆောက်ထားတာဖြစ်ပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ စက်ပစ္စည်းတွေကို စီမံအုပ်ချုပ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး” ဟု ဂူတာရက်စ်က ဆိုသည်။

AI နည်းပညာသည် အမှန်နှင့်အမှားကို မည်သို့ဝေ၀ါးအောင် ပြုလုပ်နေသည်ဆိုသည့် အချက်အပေါ် ဂူတာရက်စ်က စိုးရိမ်ပူပန်မှုရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အရေးကြီးသော လုပ်ငန်းတာဝန်များကို ယင်းနည်းပညာထံသို့ လွှဲအပ်ပြီး ရလဒ်များကို မျက်စိမှိတ် ယုံကြည်လိုက်ကြသည့် အလားအလာ ပိုမိုကြီးထွားလာနေခြင်းအပေါ်တွင်လည်း ၎င်းက သတိပေးခဲ့သည်။

“ vibe-coding ”ဟု ခေါ်ဆိုကြသည့် မိမိကိုယ်တိုင် ကုဒ်ရေးသားခြင်းမပြုဘဲ စက်ပစ္စည်းကို မိမိအလိုရှိရာသို့ AI အသုံးပြု၍ ပြောဆိုစေခိုင်းခြင်းသည် အံ့အားသင့်ဖွယ်ကောင်းကြောင်း ၎င်းက အသိအမှတ်ပြုခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်တို့ဟာ အမှန်တရားကိုတော့ vibe-coding လုပ်လို့မရပါဘူး။ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကိုလည်း vibe – coding လုပ်လို့ မရနိုင်ပါဘူး” ဟု ဆိုသည်။

AI နည်းပညာများသည် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခြင်းမှသည် ကျန်းမာရေးစောင့်ရှောက်မှု ကို မြှင့်တင်ပေးခြင်းနှင့် ပညာရေးကို ပိုမိုကျယ်ပြန့်စွာ လက်လှမ်းမီရရှိစေခြင်းအထိ အရာရာတိုင်းအတွက် အလားအလာကောင်းများ ရှိနေသည်ဟုလည်း ဆိုသည်။                         

Ref:AFP

Most Read

Most Recent