ရှမ်းပြည်နယ် သံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ) က ဖွင့်လှစ်သော သံဃနာယကသင်တန်း၊ ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်း၊ နှင့် သာသနာရေးဆိုင်ရာ မှုခင်းများ လျော့နည်းကျဆင်းရေး အလုပ်ရုံ ဆွေးနွေးပွဲ ငါးရက်တာ ပြုလုပ်နေကြောင်း သိရသည်။
တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ကွက် ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက်တွင် ဇူလိုင်လ ၆ ရက်မှ စတင် ဖွင့်လှစ် သင်ကြားပေးနေခြင်းဖြစ်ကာ၊ ဇူလိုင်လ ၁၀ ရက် အထိ ငါးရက်တာ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို လည်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ သံဃနာယက သင်တန်း၊ ဝိနည်းဓိုရ် ဆင့်ပွားသင်တန်း နှင့် သာသနာရေးဆိုင်ရာ မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် ရည်ရွယ်၍ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကြည်က ဆိုသည်။
" ဒီနေ့ပွဲ ရည်ရွယ်ချက်က သံဃအဖွဲ့အစည်းအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာတော်တွေ က သံဃနာယကနဲ့ ပတ်သက်တဲ့လုပ်ရမယ့် လုပ်ဆောင်ချက်တွေ ဝိနိစ္ဆယပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ဒါတွေကို ကျွမ်းကျင်အောင်လို့ သက်ဆိုင်ရာ ဆရာတော်ကြီးတွေကနေ သံဃနာယက သင်တန်း ၊ ဝိနိစ္ဆယ သင်တန်း ဆိုပြီး သင်တန်းများ ပို့ချခြင်း ဖြစ်ပါတယ်။ အလားတူ ဒီသင်တန်းနဲ့အတူ သာသနာရေးနဲ့ သက်ဆိုင်တဲ့ မှုခင်းတွေ လျော့နည်းကျဆင်းဖို့အတွက်ကို အလုပ်ရုံ ဆွေးနွေးပွဲအဖြစ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ဒီလို သင်တန်းတွေ ဖွင့်လှစ်ခြင်းအားဖြင့် ဆရာတော် သံဃာတော်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ညွှန်ကြားလွှာတွေ ဝိနိစ္ဆယ ကိစ္စရပ်တွေကိုလည်း ပိုပြီးနားလည်ပိုပြီး ကျွမ်းကျင်ပြီးတော့ သံဃအဖွဲ့အစည်းပေါ်မှာလည်းပဲ အဆင်ပြေစွာ ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်ဗျာ " ဟု ရှမ်းပြည်နယ် သာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကြည် က ဆိုသည်။
သာသနာရေး ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်း စာအုပ်များ၊ ညွှန်ကြားလွှာ စာအုပ်များ၊ သံဃအဖွဲ့အစည်းဆိုင်ရာ စာအုပ်များကို မှာယူ၍ ပို့ချသွားမည် ဖြစ်ကြောင်း ၊ ဝေယျာဝစ္စ ကိစ္စ၊ ရုံးလုပ်ငန်း ကိစ္စများကို ပူးပေါင်း ဆောင်ရွက်ခြင်းရှိကြောင်း သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
အဆိုပါ သင်တန်းတွင် ဘာသာရပ် ၇ မျိုးကို ၅ ရက် ဖြင့် ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်ကြားမည့် ဆရာတော် များမှာ နိုင်ငံတော် သံဃဝန်ဆောင် (ဗဟို) မှ ၂ ပါး၊ ပြည်နယ် သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ) မှ ၃ ပါး၊ တရားရေး ၊ ဥပဒေဌာနစသဖြင့် လူပုဂ္ဂိုလ်များမှလည်း ဘာသာရေး နှင့် ပတ်သက်သော ဥပဒေ ဆိုင်ရာများကို ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်တို့မှ ကျောင်းတစ်ကျောင်းလျှင် ကျောင်းထိုင်ဆရာတော် တစ်ပါးနှုန်းဖြင့် တက်ရောက်သင်ကြားနေခြင်း ဖြစ်ကာ၊ ဆရာတော် သံဃာတော်အပါးရေ ၁၀၃ ပါး၊ လူပုဂ္ဂိုလ် ၉ ဦး တို့ တက်ရောက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ထိုသင်တန်းပြီးစီးခဲ့ကာ ရှမ်းပြည်တောင်ပိုင်းတွင် ငါးရက် တာသင်တန်းကို ပို့ချနေခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - စည်သာ(တောင်ကြီး)















