၁၉၂၁ ခုနှစ်၊ ဇူလိုင်လ၊ ပေကျင်းမြို့ရှိ နန်ဟူရေကန်ပေါ်တွင် မျောပါနေသော လှေငယ်တစ်စင်းသည် ကမ္ဘာ့သမိုင်းကြောင်းကို ပြောင်းလဲပစ်မည့် မျိုးစေ့ကို သယ်ဆောင်ထားခဲ့သည်။ ထိုစဉ်က ပါတီဝင် ၅၀ ကျော်ဖြင့် စတင်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် ယနေ့တွင် ပါတီဝင် သန်း ၁၀၀ ကျော်ဖြင့် ကမ္ဘာ့အကြီးဆုံး အာဏာရပါတီအဖြစ် ရပ်တည်လျက်ရှိသည်။ နှစ်ပေါင်း (၁၀၅) နှစ်တာကာလအတွင်း တရုတ်နိုင်ငံကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရုံသာမက ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်ပေးနိုင်ခဲ့ခြင်းသည် မတော်တဆ ဖြစ်ရပ်တစ်ခု မဟုတ်ပေ။ နိုင်ငံရေးသိပ္ပံပညာရှင်များ၊ စီးပွားရေးပညာရှင်များနှင့် သမိုင်းပညာရှင်များ အံ့အားသင့်ရလောက်သည့် "တရုတ်အံ့ဖွယ်" ပင်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ၎င်းတို့၏ ရည်မှန်းချက်များကို အဘယ့်ကြောင့် ပြောသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်သနည်း။ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။
မွန်မြတ်သော ပါတီတည်ထောင်မှု စိတ်ဓာတ်
တရုတ်ကွန်မြူနစ်ပါတီ၏ ခွန်အားသည် ၎င်းတို့၏ "မွန်မြတ်သော ပါတီတည်ထောင်မှု စိတ်ဓာတ်" တွင် ကိန်းအောင်းနေသည်ကို တွေ့မြင်ရသည်။ ထိုစိတ်ဓာတ်သည် စာရွက်ပေါ်ရှိ အယူအဆတစ်ခုမျှသာ မဟုတ်ဘဲ ပါတီတစ်ခုလုံး၏ လုပ်ဆောင်ချက်များကို ထိန်းကျောင်းပေးသည့် အဓိက လမ်းညွှန်ချက် ဖြစ်နေသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အမှန်တရားကို ဦးလည်မသုန် ရှာဖွေသည်။ ပါတီသည် မာ့က်စ်ဝါဒကို တရုတ်နိုင်ငံ၏ လက်တွေ့မြေပြင်အနေအထားနှင့် ပေါင်းစပ်ရာတွင် "ပေါင်းစပ်ခြင်း နှစ်ရပ်" ဟူသော မဟာဗျူဟာကို ကျင့်သုံးထားသည်။ တရုတ်နိုင်ငံ၏ သမိုင်းကြောင်းကို ယဉ်ကျေးမှုနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် ဆိုရှယ်လစ်ဝါဒကို တရုတ်နိုင်ငံ၏မြေတွင် အမြစ်တွယ်စေခဲ့သည်။ အားလုံးနားလည်လွယ်အောင်ပြောရလျှင် အဆိုပါ နည်းလမ်းသည် ပြင်ပအတွေးအခေါ်ကို တရုတ် အသွင်ပြောင်းလဲ၍ လက်တွေ့အသုံးချခြင်းဖြစ်သည်။ ထိုသို့အသုံးချရာတွင်လည်း မူလရည်မှန်းချက်နှင့် တာဝန်ဝတ္တရားများကို အထူးအလေးထားသည်။ ပါတီ၏ မူလရည်မှန်းချက်သည် "တရုတ်ပြည်သူများ၏ သုခချမ်းသာနှင့် တရုတ်အမျိုးသား ပြန်လည်ရှင်သန်ရေး" ဖြစ်သည်။ ပါတီ၏ရည်မှန်းချက်သည် ပါတီဝင်တိုင်း၏ သွေးသားထဲတွင် စွဲမြဲစေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း လူဦးရေ သန်း ၇၇၀ ကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းသည် ပါတီ၏ ရည်မှန်းချက်နှင့် ပါတီ၏ ရပ်တည်မှုကို မြင်ရမည်ဖြစ်သည်။
သိပ္ပံနည်းကျ စီမံအုပ်ချုပ်မှုနှင့် မဟာဗျူဟာမြောက် စီမံကိန်းများ
တရုတ်ကွန်မြူနစ်ပါတီ၏ အောင်မြင်မှု လျှို့ဝှက်ချက်များတွင် စနစ်၏ အားသာချက်ကို နိုင်ငံစီမံခန့်ခွဲမှု စွမ်းဆောင်ရည်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်သည်က ထင်ရှားသည့် စွမ်းဆောင်ချက်ဖြစ်သည်။ ပါတီတွင် ရေရှည်မျှော်မှန်းချက် ရှိသည်။ အနောက်နိုင်ငံများ၏ လေးနှစ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ပြောင်းလဲတတ်သည့် ရွေးကောက်ပွဲနိုင်ငံရေးနှင့် မတူဘဲ တရုတ် ကွန်မြူနစ်ပါတီသည် ဆယ်စုနှစ်နှင့်ချီသည့် "ငါးနှစ်စီမံကိန်း" များဖြင့် နိုင်ငံကို လမ်းကြောင်းမှန်ပေါ်တွင် တည်ငြိမ်စွာ ထိန်းကျောင်းနေသည်။ ငါးနှစ်စီမံကိန်းများသည် ကဏ္ဍစုံ စီးပွားရေး၊ နည်းပညာ၊ လူမှုရေး စသဖြင့် ကဏ္ဍစုံကို လွှမ်းခြုံထားပြီး တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုများဆီ လှမ်းချီရန် ဦးတည်ထားသည်။
ပါတီအတွင်း ထူးခြားသော ဆောင်ရွက်ချက်မှာ ထိရောက်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများပင်ဖြစ်သည်။ ပါတီ၏ ကြံ့ခိုင်မှုကို ထိန်းသိမ်းရန် "အဂတိလိုက်စားမှု တိုက်ဖျက်ရေး" ကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ ပါတီ၏ ခေါင်းဆောင်မှုသည် အောက်ခြေအဆင့်အထိ သန့်ရှင်းစေရန် ကြပ်မတ်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်မှုကို အမြဲတမ်း ရရှိထားသည်။ ပြည်သူ ထောက်ခံသည့် ပြည်သူချစ်ခင်သည့် ပြည်သူလေးစားသည့် ပါတီအဖြစ် နှစ်ပေါင်း (၁၀၅) နှစ်တိုင် ချီတက်လျက်ရှိသည်။
တီထွင်ဆန်းသစ်မှုရှိခြင်း
ယနေ့ခေတ်ကာလတွင် တရုတ်နိုင်ငံသည် "အတိုင်းအတာကြီးမားသော တီထွင်ဆန်းသစ်မှု" ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘာကို ဦးဆောင်နေသည်။ နည်းပညာကို လူထုနှင့် ပေါင်းစပ်ခြင်းဖြင့် စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ၊ (AI) နှင့် 5G နည်းပညာများကို ဓာတ်ခွဲခန်းများမှ စက်ရုံများနှင့် လူနေအိမ်များအထိ လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိအောင် လုပ်ဆောင်နေသည်။ ဤသည်မှာ တီထွင်မှု၏ တန်ဖိုးကို နက်ရှိုင်းစေပြီး ကုန်ထုတ်စွမ်းအားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ တံခါးဖွင့်ဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးပြုမှုများတွင် "တစ်ယောက်တည်းသွားလျှင် မြန်မြန်သွားနိုင်သော်လည်း အများစုပေါင်းသွားလျှင် ဝေးဝေးသွားနိုင်သည်" ဟူသော ဆိုရိုးစကားအတိုင်း တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒကို ကျင့်သုံးပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် အဓိကမဏ္ဍိုင်အဖြစ် ပါဝင်နေသည်။ နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီများ တရုတ်တွင် ရင်းနှီးမြှုပ်နှံခြင်းမှာ အပြန်အလှန် အကျိုးပြုသည့် အနာဂတ်အတွက် ဖြစ်သည်ကို မြင်ရသည်။
ပြည်သူကို ဗဟိုပြုသည့် ဦးဆောင်မှု
တရုတ်ကွန်မြူနစ်ပါတီ၏ အောင်မြင်မှု နောက်ဆုံးလျှို့ဝှက်ချက်တစ်ခုမှာ "ပြည်သူလူထုနှင့် နက်ရှိုင်းစွာ ဆက်သွယ်နိုင်ခြင်း" ဖြစ်သည်။ ပါတီသည် အခြေခံလူတန်းစားများအတွက် သဘာဝ ဘေးအန္တရာယ်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အမြဲတမ်း ပြည်သူ့ဘေးကင်းလုံခြုံရေးကို ဦးစားပေးထားသည်။ အပြောမဟုတ် လက်တွေ့လုပ်ရပ်များဖြင့် ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးသည်။ စာရွက်ထဲမှာပြောထားတာထက် လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ပေးသည်။ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်ပြည့်ဝသည့် ခေါင်းဆောင် ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ်ကွန်မြူနစ် ပါတီသည် နိုင်ငံတကာ အခင်းအကျင်းတွင် တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးသည့် အင်အားစုအဖြစ် ကမ္ဘာတစ်လွှား အသိအမှတ်ပြုခံလာရသည်။
အနာဂတ်ဆီသို့ တညီတညွတ်တည်း ချီတက်ခြင်း
အချုပ်အားဖြင့်ဆိုရလျှင် ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ်ပေါင်း (၁၀၅) နှစ်ပြည့်သည့် အခါကာလသမယဖြစ်သည်။ နှစ်ပေါင်း (၁၀၅) နှစ်တာ ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီသည် ကျရှုံးမှုများမှ သင်ခန်းစာယူကာ အောင်မြင်မှုများဖြင့် သမိုင်းကို ရေးထိုးခဲ့သည်။ ၎င်းတို့၏ "မွန်မြတ်သော ပါတီတည်ထောင်မှု စိတ်ဓာတ်" သည် ယနေ့တိုင် ပိုမိုထွန်းလင်းတောက်ပ နေဆဲဖြစ်သည်။
တရုတ်အမျိုးသား ပြန်လည်ရှင်သန်ရေး သင်္ဘောကြီးသည် လှိုင်းတံပိုးများကို ဖြိုခွင်းလျက် အနာဂတ်အတွက် တောက်ပသော ရည်မှန်းချက်များဖြင့် ဆက်လက်ခုတ်မောင်းနေသည်။ ကမ္ဘာကြီး အတွက်မူ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရိုက်ခတ်မှုမဟုတ်ဘဲ အခွင့်အလမ်းဖြစ်ကြောင်း လက်တွေ့အချက်အလက်များက သက်သေပြလျက်ရှိသည်။ ပါတီနှင့် ပြည်သူ တစ်စည်း တစ်လုံးတည်းဖြင့် စည်းလုံးညီညွတ်စွာ ချီတက်နေသော ဤခရီးသည် အနာဂတ်၏ မရေရာမှုများကို ကျော်လွှားကာ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်သွားနိုင်မည်မှာ မုချမလွဲပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။















