လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ဗီယင်ကျန်းမြို့ရှိ Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့သည်။
လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့(ဇူလိုင် ၄ ရက်) နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ Patuxai (Victory Gate) သို့ သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။
ဗီယင်ကျန်းမြို့ရှိ Patuxai (Victory Gate) သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့အား Patuxai (Victory Gate)နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
လာအိုနိုင်ငံ၊ Vientiane မြို့တွင် တည်ရှိသော Patuxai (Victory Gate) သည် နိုင်ငံ၏ အထင်ကရ အထိမ်းအမှတ်အဆောက်အဦးတစ်ခုဖြစ်ပြီး ၁၉၅၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
Patuxai သည် လာအိုနိုင်ငံ၏ လွတ်လပ်ရေးနှင့် နိုင်ငံအတွက် အသက်ပေးခဲ့သော စစ်သည်များကို ဂုဏ်ပြုရန် တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အဦး၏ ဒီဇိုင်းမှာ ပြင်သစ်နိုင်ငံ၏ Arc de Triomphe မှ လှုံ့ဆော်မှုယူထားသော်လည်း လာအိုရိုးရာ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူအနုပညာလက်ရာများဖြင့် အလှဆင်ထားသည်။
Patuxai ၏ အတွင်းနံရံများနှင့် မျက်နှာကျက်များတွင် နတ်သမီး၊ ကင်းနရီနှင့် ပန်းနွယ်အလှဆင် ပန်းပုလက်ရာများကို မြင်တွေ့နိုင်ပြီး အပေါ်ဆုံးရှုခင်းကြည့်စင်မှ Vientiane မြို့၏ မြင်ကွင်းကျယ်ကို ကြည့်ရှုနိုင်သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် နေရာတစ်ခုလည်း ဖြစ်သည်။















