နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုသမ္မတသောင်လောင်ဆီ ဆိုလစ်က လာအိုသမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း သိရသည်။
လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(ဇူလိုင် ၃ ရက်)နံနက်ပိုင်းတွင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိသွားခြင်းဖြစ်သည်။
ထိုသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုသမ္မတ
သောင်လောင်ဆီ ဆိုလစ်က လာအိုသမ္မတအိမ်တော်တွင် ကြိုဆိုသည့်အခမ်းအနား၌ နှစ်နိုင်ငံသမ္မတများ အလေးပြုခံစင်မြင့်ထက်၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်သီချင်းများအား တီးခတ်ခြင်း၊ နှစ်နိုင်ငံ သမ္မတများ ဂုဏ်ပြုတပ်ဖွဲ့ထိပ်နေရာရှိ လာအိုအလံအား ဦးညွတ်ဂါရဝပြု၍ ဂုဏ်ပြုတပ်ဖွဲ့အား လှည့်လည် စစ်ဆေးခြင်းတို့ပြုလုပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် လာအိုသမ္မတနှင့်တွေ့ဆုံပြီး နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်များသည် နှစ်နိုင်ငံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။















