ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သော ကျောင်းများမှ ကျောင်းသားများအတွက် (Placement Test)အထူးအစီအစဉ်ဖြင့် ဖြေဆိုခဲ့ပြီး လုပ်သက်(၂)နှစ် ပြည့်မိသည့် ဆရာ/ဆရာမများအနေဖြင့် အပြောင်းအရွှေ့ရာထူးတိုးလျှောက်ထားခွင့်ရှိဟုဆို

ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သော ကျောင်းများမှ ကျောင်းသားများအတွက် (Placement Test)အထူးအစီအစဉ်ဖြင့် ဖြေဆိုခဲ့ပြီး လုပ်သက်(၂)နှစ် ပြည့်မိသည့် ဆရာ/ဆရာမများအနေဖြင့် အပြောင်းအရွှေ့ရာထူးတိုးလျှောက်ထားခွင့်ရှိဟုဆို
Published 2 July 2026

ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သော ကျောင်းများမှ ကျောင်းသားများအတွက် (Placement Test)အထူးအစီအစဉ်ဖြင့် ဖြေဆိုခဲ့ပြီး လုပ်သက်(၂)နှစ် ပြည့်မိသည့် ဆရာ/ဆရာမများအနေဖြင့် အပြောင်းအရွှေ့ရာထူးတိုးလျှောက်ထားခွင့်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဇီးကုန်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးဉာဏ်ဝင်းမှ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သော ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် အနာဂတ်တွင် မည်သို့ အစားထိုးသင်ကြားပေးမည်နည်း၊ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သေးသော ကျောင်းများမှ ဆရာ/ဆရာမများကို အခြား သင့်လျော်ရာ ကျောင်းများသို့ ယာယီအစားထိုးခန့်ထားမှုကို မည်သို့ဆောင်ရွက်ပေးမည်နည်း ဟု လွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့ရာ သက်ဆိုင်ရာပညာ​ရေးဌာနက ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှတစ်ဆင့် ထိုသို့ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ကြယ်ပွင့်မပြမေးခွန်း၏သ​ဘောမှာမေးခွန်း မေးမြန်းသည့် လွှတ်​တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာဌာနက စာဖြင့်​​ရေးသားဖြေကြားခဲ့ခြင်းသည်။

လွတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်ပတ်သက်ပြီး ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေ သော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်းဆင့် (Grade-၂ မှ Grade-၅) နှင့် အလယ်တန်းဆင့် (Grade-၆ မှ Grade-၉) ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ အထူးအစီအစဉ်အနေဖြင့် (၁၅-၆-၂ဝ၂၆)ရက်နေ့မှ (၂၀-၆-၂၀၂၆)ရက်နေ့အထိ မြို့နယ်အသီးသီးတွင် (Placement Test)ကို ဖြေဆိုစေပြီး ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သော ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအတွက် အနာဂတ်ပညာရေးကို ဆက်လက်သင်ယူစေပါမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်သေးသော ကျောင်းများမှ ဆရာ/ဆရာမများကို လက်ရှိရာထူး လုပ်သက်(၂)နှစ်ပြည့်မီလျှင် အပြောင်းအရွှေ့ / ရာထူးတိုး လျှောက်ထားခွင့်ရှိပြီး၊ အပြောင်းအရွှေ့ မရရှိသည့် ဆရာ/ဆရာမများနှင့် လုပ်သက်မပြည့်မီ၍ ပြောင်းရွှေ့လျှောက်ထားခွင့် မရသေးသော ဆရာ/ဆရာမများအား ဖွင့်လှစ်သည့်ကျောင်းများသို့ ယာယီတွဲဖက် တာဝန်ထမ်းဆောင်စေခြင်းများ ဆောင်ရွက်ထားပါကြောင်း ဖြေကြားခဲ့သည်။

ဇော်ဝင်းချစ်(တောင်ငူ)

Most Read

Most Recent