ချင်းပြည်နယ် ဖလမ်းမြို့တွင် ယာယီဆေးရုံ ဖွင့်လှစ်၍ ဆေးကုသခြင်းလုပ်ငန်းများ ဆောက်ရွက်

ချင်းပြည်နယ် ဖလမ်းမြို့တွင် ယာယီဆေးရုံ ဖွင့်လှစ်၍ ဆေးကုသခြင်းလုပ်ငန်းများ ဆောက်ရွက်
Published 2 July 2026

ချင်းပြည်နယ် ဖလမ်းမြို့တွင် ယာယီဆေးရုံ ဖွင့်လှစ်၍ ဆေးကုသခြင်းလုပ်ငန်းများ ဆောက်ရွက်နေကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ  ဇွန် ၃၀ ရက်တွင် တီးတိန်မြို့မှ ဖလမ်းမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာပြီး တီးတိန် - သိုင်းငင်း - ဖလမ်း လမ်းပိုင်းအခြေအနေများ၊ ဖလမ်းမြို့ရှိ ယာယီဆေးရုံ ဖွင့်လှစ်ပြီး ဆေးကုသမှုပေးနေသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တီးတိန်-သိုင်းငင်း-ဖလမ်း လမ်းပိုင်းအခြေအနေများနှင့် ဗားရ် တံတားတို့အား ကြည့်ရှုစစ်ဆေးပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများအား စစ်ဆေးပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ မိုးရာသီတွင် လမ်း၊ တံတားများပေါ်တွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုများမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ စီမံဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ပြန်လည်ထူထောင် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ယာယီဆေးရုံသို့ ရောက်ရှိခဲ့ပြီး၊ မြို့မိမြို့ဖများ၊ ဆေးရုံအုပ်ကြီး၊ ဆေးရုံဝန်ထမ်းများနှင့်အတူ ယာယီဆေးရုံ ပြင်ဆင် စီမံထားရှိမှုအခြေအနေ၊ (Mobile)ခွဲစိပ်ခန်း တပ်ဆင်ထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးရရှိမှု အခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့်အခြေအနေ၊ ဆေးဝါးများရရှိမှုအခြေအနေများနှင့် ဆေးကုသ ပေးနေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့ ယာယီဆေးရုံတွင် ဆေးရုံအုပ်ကြီးအပါအဝင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းစုစုပေါင်း(၉၀)ဦးမှ ပြင်ပလူနာ(၅၀)ဦးနှင့် အတွင်းလူနာ(၈)ဦးတို့အား ဆေးကုသမှု ပေးလျက်ရှိပြီး၊ ဇွန် ၃၀ ရက်အထိ ၎င်းဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော လူနာစုစုပေါင်း ၁၀၈၈ ဦးနှင့် ကာကွယ်ဆေးထိုးနှံပေးခဲ့သော လူနာ(၂၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent