ပဲခူးတိုင်းဒေသကြီးအတွင်း၌ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်ထားသော လယ်မြေဧကပေါ်မူတည်၍ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမည့်အစီအစဉ်မရှိသေးဘဲ (ပုံစံ-၇) ကို အမွေဆက်ခံပြီး ဆက်လက်လုပ်ကိုင်လျက်ရှိသော တောင်သူများအတွက် အချက် ၅ ချက်ပါ စည်းကမ်းဖြင့် ချေးငွေထုတ်ချေးခွင့် ဖြေလျော့ပေးထားကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးမျိုးမျိုးသိန်း၏ လွှတ်တော်တွင် မေးမြန်းသည့် ကြယ်ပွင့်မပြမေးခွန်းအား ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်းရှိ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှုအပေါ်မူတည်၍ တောင်သူတစ်ဦးချင်းစီအတွက် (၁၀) ဧကထက်မပိုသော စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ သို့သော် တောင်သူများအနေဖြင့် ထွန်ယက်စိုက်ပျိုးစရိတ်ကြီးမားခြင်း၊ ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်ခြင်း၊ လယ်ယာလုပ်သား ရှားပါးခြင်းတို့ဖြင့် ကြုံတွေ့နေသည့်အတွက် တောင်သူတစ်ဦးချင်းစီတွင် မိမိအမည်ပေါက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်ထားသော လယ်မြေဧကပေါ်မူတည်၍ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးမည့် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းနှင့် မိမိအိမ်ထောင်စုဝင်တစ်ဦးသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို အမွေဆက်ခံပြီး ဆက်လက်လုပ်ကိုင်လျက်ရှိသော တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေအား ကိုယ်စားထုတ်ချေးခွင့်ပြုရန် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ရာတွင် ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်ချေးငွေမူစနစ်အရ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် လုပ်ကွက်ငယ် လုပ်ကိုင်သော တောင်သူလယ်သမားများအား ဦးစားပေးသည့်အနေဖြင့် သီးနှံ (၁၀) ဧကအထိ လုပ်ကိုင်သူများကို ချေးငွေထုတ်ချေးပေးရကြောင်း၊ ငွေချေးရာတွင် အများဆုံးသတ်မှတ်ထားသော (၁၀) ဧက ဘောင်အတွင်း ထုတ်ချေးရမည်ဖြစ်ပြီး သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးခြင်းမပြုရန် ညွှန်ကြားထားပါသဖြင့် တောင်သူတစ်ဦးချင်းစီတွင် မိမိအမည်ပေါက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်ထားသော လယ်မြေဧကပေါ်မူတည်၍ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့သည်။
ဆက်လက်ပြီး လယ်ယာမြေအား ရောင်းဝယ်ပေးကမ်း/အမွေဆက်ခံခြင်းကြောင့် (ပုံစံ-၇) အမည်ပေါက်နှင့် (ပုံစံ-၇) လက်ဝယ်ပိုင်ဆိုင်ထားသူ အမည်တို့ မတူညီပါက (ပုံစံ-၇) အား ရောင်းဝယ်ခြင်း၊ မိသားစုဝင် (ဥပမာ-ခင်ပွန်း/ဖခင်) ထံမှ အမွေဆက်ခံရရှိထားသဖြင့် ပိုင်ဆိုင်မှုမှန်ကန်ကြောင်း၊ အမွေဆက်ခံသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ဖြင့် ချေးငွေထုတ်ချေးခြင်းကို ကျန် ညီအကို/မောင်နှမများ၏ သဘောတူညီကြောင်း (၎င်းတို့၏ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူပူးတွဲတင်ပြရန်)၊ အရောင်းအဝယ်ဖြစ်ပါက စာချုပ်ပူးတွဲတင်ပြရန်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ချေးငွေ အရင်း၊ အတိုး၊ ဒဏ်တိုးတို့ကို အချိန်မီ ပြန်လည်ပေးဆပ်မည်ဖြစ်ကြောင်း၊ ချေးငွေရရှိပြီးချိန်မှ (၁) နှစ်အတွင်း လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ (ပုံစံ-၇) အမည်ပေါက် ပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ချေးငွေအတွက် ဘဏ်သို့ အာမခံတင်သွင်းထားသည့် (ပုံစံ-၇) နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ အရှုပ်အရှင်းဖြစ်ပါက တာဝန်ယူဖြေရှင်းမည်ဖြစ်ကြောင်း စသည့် အချက် (၅) ချက်ပါ စည်းကမ်းဖြင့် ဘဏ်ခွဲမန်နေဂျာနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ချေးငွေစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိဝန်ခံ ချက်လက်မှတ်ရေးထိုး၍ ချေးငွေထုတ်ချေးရမည့်နည်းလမ်းတို့ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ကို အမွေဆက်ခံပြီး ဆက်လက်လုပ်ကိုင်လျက်ရှိသော တောင်သူများအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ချေးငွေထုတ်ချေးခွင့် ဖြေလျော့ပေးထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။















