ဖြုတ်ချခံခဲ့ရပြီးနောက် ပြည်ပတွင်တိမ်းရှောင်ခိုလှုံနေသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ယခုနှစ်အတွင်း တိုင်းပြည်သို့ပြန်လာမည်ဟု ပြောကြားလိုက်သည်။
၂၀၂၄ ခုနှစ် ၊ သြဂုတ်လအတွင်း ကျောင်းသားများဦးဆောင်သည့် အုံကြွမှုကြောင့် အစိုးရအဖွဲ့ပြုတ်ကျပြီး နောက် အိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် အသက် ၇၈ နှစ်အရွယ် ဟာဆီနာက အိန္ဒိယရုပ်သံ NDTV နှင့်အင်တာဗျူးတွင် ယခုမှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ သေဒဏ်ချမှတ်ခံထားရသည့်တိုင် ပြန်သွားမည်လားဆို သည့် မေးမြန်းချက်အပေါ် ဟာဆီနာက “ကျွန်မ ရှင်းရှင်းပဲ ပြောပါမယ်၊ အခက်အခဲမှန်သမျှ ပူးပေါင်းကြံစည်မှု မှန်သမျှကို ကျော်လွှားပြီး ဒီနှစ်ထဲမှာပဲ ကျွန်မရဲ့ နိုင်ငံကို ပြန်လာမှာပါ”ဟု ဖြေကြားခဲ့သည်။
၂၀၂၄ အုံကြွမှုအတွင်း အကြမ်းဖက်ဖြိုခွင်းရန် အမိန့်ပေးခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန် ပျက်ကွက်ခြင်းတို့ဖြင့် ပြစ်မှုထင်ရှားသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ဒါကာတရားရုံးက ဟာဆီနာကို သေဒဏ်ချမှတ်ခဲ့သည်။
ထိုစီရင်ချက်ကို ဟာဆီနာက ပယ်ချကာ၊ ဘင်္ဂလားဒေ့ရှ်၏ တရားစီရင်ရေးစနစ်သည် ၎င်း၏ အဝါမီလိဂ် ပါတီခေါင်းဆောင်ပိုင်းကို ရှင်းလင်းရန်ရည်ရွယ်သည့် နိုင်ငံရေးကလဲ့စားချေမှု လက်နက်တစ်ခုသဖွယ် အသုံးချခံနေရသည်ဟု စွပ်စွဲခဲ့သည်။ သေရမည်ကို မကြောက်ပါဆိုသည့် ဟာဆီနာက အတိတ်ကာလက ၎င်း၏ပါတီကို ဖြိုခွဲရန် ကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ဘဲ ယခုလည်း ထပ်မံကျဆုံးလိမ့်မည်ဟု ပြောသည်။
တိုင်းပြည်သို့ပြန်လာရန် စီစဉ်ရခြင်းမှာ ကိုယ်ရေးကိုယ်တာကြောင့်မဟုတ်ဘဲ နိုင်ငံရေးအခွင့်အရေးများ၊ ဒီမိုကရေစီ၊ ဥပဒေစိုးမိုးရေး စသည့်မစ်ရှင်ကြောင့်ဟု ဟာဆီနာက အကြောင်းပြချက်ပေးသည်။ ထို့ပြင် လက်ရှိဝန်ကြီးချုပ် တားရစ်ရာမန် ဦးဆောင်သည့် အစိုးရအနေဖြင့် ၎င်း၏ပါတီအပေါ် ပိတ်ပင်ထားသည်များ၊ ပါတီခေါင်းဆောင်များအပေါ် စွဲဆိုထားသည့်အမှုများကို ပြန်လည်ရုပ်သိမ်းခြင်း ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားခွင့်ပြုခြင်းတို့ဖြင့် စစ်မှန်သည့် ဒီမိုကရေစီကို ပြန်လည် ဖော်ဆောင်ရန် ဟာဆီနာက တိုက်တွန်းထားသည်။















