မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ တရုတ်နိုင်ငံသား ခုနစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ဆောင်ရွက်ခြင်း မရှိစေရန်အတွက် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့(ဇွန် ၂၅ ရက်)မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုလွယ်နယ်မြေ၊ ကောင်းမှုတုံ ရပ်ကွက်ရှိနေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသားခုနစ်ဦးအား ဖုန်းမျိုးစုံ ၅၀ လုံး၊ All In One ကွန်ပျူတာ ၂ လုံး၊ Laptop ၁ လုံး၊ ဆိုင်ကယ် ၂ စီး၊ အခြား လုပ်ငန်းသုံးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီး ရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။















