ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀၀၀ ကျော် တက်ရောက်လျက်ရှိ

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀၀၀ ကျော် တက်ရောက်လျက်ရှိ
Published 25 June 2026

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် စာသင်ကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၀၀၀ ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်တွင် ကျောင်းပေါင်း ၁၀၉ ကျောင်း ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၁၂၀၄၇ ဦးနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား ၆၁ ဦး၊ စုစုပေါင်း ၁၂၁၀၈ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယနေ့(ဇွန် ၂၅ ရက်)တွင် အဆိုပါတီးတိန်မြို့နယ်အတွင်းရှိ ဖွင့်လှစ်လျက်ရှိသော အခြေခံပညာအထက်တန်ကျောင်းများသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သွားရောက်ကာ ကျောင်းသား၊ကျောင်းသူများပညာသင်ကြားနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများအတူ ကလေးမြို့ မှ မော်တော်ယာဉ်ဖြင့်ထွက်ခွာလာပြီး ကလေး - သိုင်းငင်း - တီးတိန်လမ်းပိုင်းအခြေအနေများနှင့် တီးတိန်မြို့ရှိ စာသင်ကျောင်းများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလေး-သိုင်းငင်း-တီးတိန် လမ်းပိုင်းအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လမ်းများအား ဌာနမှ သတ်မှတ်ပေးထားသည့် လမ်းဒီဇိုင်းများအတိုင်း သေချာစွာ ဆောင်ရွက်သွားရန်၊ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင် ထိန်းသိမ်းမှုများဆောင် ရွက်ရန်၊ ဆောင်ရွက်မည့် လျာထားချက်များ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများကို စနစ် တကျဆောင်ရွက်ထားရန်၊ လိုအပ်သည့်နေရာများတွင် Culvert များတည်ဆောက်ထားရန်၊ မိုးရာသီ တွင်ရေမတင်စေရေးစနစ်တကျဆောင်ရွက်ထားရန်၊လမ်းညွှန်း အမှတ်အသားများကို သတ်မှတ်ထား သည့် အင်္ဂါရပ်များအတိုင်း ဆောင်ရွက်ထားရှိရန်နှင့် မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ တီးတိန်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တီးတိန်မြို့ပေါ်ရှိအခြေခံပညာကျောင်းများသို့ ဆက်လက်သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တီးတိန်ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နေမှုအခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့အား မော်တော်ယာဉ်ဖြင့် လှည့်လည် သွားရောက်ကြည့်ရှုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ၊ တီးတိန်ခရိုင်အင်ဂျင်နီယာရုံး သို့သွားရောက်၍ ဝန်ထမ်းများကို တွေ့ဆုံခဲ့ကြောင်း သိရသည်။

Most Read

Most Recent