■ ဖိလစ်ပိုင်အထက်တန်းကျောင်းအတွင်း ပစ်ခတ်မှု၌ သုံးဦးသေဆုံးပြီး ကျူးလွန်သူကျောင်းသားနှစ်ဦးကို ဖမ်းမိထား

■ ဖိလစ်ပိုင်အထက်တန်းကျောင်းအတွင်း ပစ်ခတ်မှု၌ သုံးဦးသေဆုံးပြီး ကျူးလွန်သူကျောင်းသားနှစ်ဦးကို ဖမ်းမိထား
Published 22 June 2026

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း တက်ကလိုဘန်မြို့ရှိ ဆန်ဟိုဆေး အထက်တန်းကျောင်းတွင် ဇွန် ၂၂ ရက်က ကျောင်းသားနှစ်ဦး ပစ်ခတ်ခဲ့မှုကြောင့် သုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကျူးလွန်သူ အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ် ကျောင်းသားနှစ်ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

ကျောင်းသားကျောင်းသူဦးရေ ၁၅၀၀ ကျော်ရှိသည့် အစိုးရအထက်တန်းကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြဆဲဖြစ်သည်။

ရဲတပ်ဖွဲ့အဆိုအရ ပစ်ခတ်သူကျောင်းသားနှစ်ဦးသည် ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကာ ကျောင်းတွင် အနိုင်ကျင့်ခံခဲ့ရကြောင်း ကနဦးစစ်ဆေးမှုတွင် ထွက်ဆိုထားကြသည်။

၎င်းတို့သည် ယခင်က ပြစ်မှုမှတ်တမ်း တစ်စုံတစ်ရာ မရှိကြပေ။

နှစ်ဦးအနက် တစ်ဦးက ပစ္စတိုသေနတ်ကို ရဲအရာရှိဆိုသူ အဒေါ်ဖြစ်သူထံမှ ယူလာခြင်းဖြစ်ပြီး အဒေါ်ဆိုသူကိုလည်း စုံစမ်းစစ်ဆေးနေသည်။

ကျောင်းတွင် အဝင်အထွက်ဂိတ် အများအပြားရှိသော်လည်း တာဝန်ကျသည့် လုံခြုံရေးဝန်ထမ်းက တစ်ဦးတည်းသာ ရှိနေခြင်းကြောင့် ကျောင်းထဲသို့ သေနတ်သယ်လာနိုင်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထောက်များကို ပြောကြားသည်။

 "ကျောင်းသားနှစ်ယောက်က စာသင်ခန်းနှစ်ခန်းထဲကို ဝင်ပစ်တာ။ ပထမအခန်းထဲမှာ ပစ်ခတ်မှုဖြစ်ပြီးတော့ ကလေးတွေက ထွက်ပြေးကြလို့ နောက်အခန်းထဲထိ လိုက်ပစ်ခဲ့တာ" ဟုလည်း ဆိုသည်။

သေကြေဒဏ်ရာရသူအများစုက ကျောင်းသူများဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် သေနတ်ကျည်ခွံ ၄၀ ခန့်ကို ရဲများက တွေ့ခဲ့သည်။

ယခုဖြစ်ရပ်အပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက နိုင်ငံတွင်းရှိ စာသင်ကျောင်းများ၊ လုပ်ငန်းခွင်များနှင့် အများပိုင်နေရာအားလုံးတွင် လုံခြုံရေးတိုးမြှင့်ရန် ညွှန်ကြားလိုက်သည်။

Ref: AP

Most Read

Most Recent