■ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ရုံးအဆောက်အဦများကို အန္တရာယ်ရှိနိုင်မှုအဆင့် ခွဲခြားသတ်မှတ်ရန်အတွက် ငလျင်နှင့် သဘာဝဘေးအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်ရန် စီစဉ်ထား

■ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ရုံးအဆောက်အဦများကို အန္တရာယ်ရှိနိုင်မှုအဆင့် ခွဲခြားသတ်မှတ်ရန်အတွက် ငလျင်နှင့် သဘာဝဘေးအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်ရန် စီစဉ်ထား
Published 22 June 2026

စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ရုံးအဆောက်အဦများကို အန္တရာယ်ရှိနိုင်မှုအဆင့် ခွဲခြားသတ်မှတ်ရန်အတွက် ငလျင်နှင့် သဘာဝဘေးအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှ စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယနေ့ (ဇွန် ၂၂ ရက်) ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးကျော်မင်းထက်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေထိုင်ရန်မသင့်ဟု သတ်မှတ်ထားသော ဘေးအန္တရာယ်ရှိ အဆောက်အဦများအား ပြုပြင်စေခြင်း သို့မဟုတ် ဖယ်ရှားခြင်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ၊ အိုဟောင်းနေသော အဆောက်အဦများ၏ ကြံ့ခိုင်ရေးကို လတ်တလော စိစစ်ဆောင်ရွက်နေခြင်းရှိ မရှိနှင့် ရှိပါက မည်သည့်ဌာနက မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ငလျင်နဲ့ သဘာဝဘေးအန္တရယ်များဖြစ်ပွားပါက ထိခိုက်ပျက်စီးစေမှုနည်းပါးစေမှုအတွက် အဆောက်အုံများ ကြံ့ခိုင်ရေးနဲ့ ပတ်သက်ပြီးတော့ အင်ဂျင်နီယာဌာန (အဆောက်အဦ) အနေနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ မြန်မာနိုင်ငံမြေငလျင်ကော်မတီတို့နဲ့ ပူးပေါင်းပြီးတော့မှ စာသင်းကျောင်းများ၊ ဆေးရုံမျာနဲ့ ရုံးအဆောက်အဦများကို စနစ်တကျစစ်ဆေးပြီးတော့မှ အန္တရယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်ဖို့အတွက်ကို ငလျင်နှင့် ဘဘာဝအန္တရာယ် စစ်ဆေးစမ်းသပ်ခြင်းလုပ်ငန်များကို အစည်းအဝေးများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပြီးတော့မှ လာမယ့်ဇူလိုင် ၁ ရက်နေ့မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း လူနေထိုင်ရန်မသင့်လျော်သည့်အပြင် အန္တရာယ်ရှိအဆောက်အဦဖြစ်သည်ဟု သတ်မှတ်ကြေညာခဲ့ပြီး အဆောက်အအုံဖြိုဖျက်ခြင်း၊ အသစ်ပြန်လည်တည်ဆောက်ခြင်းမရှိသေးသည့် အဆောက်အအုံများတွင် ဆက်လက်နေထိုင်အသုံးပြုသူများကို အမြန်ဆုံးပြောင်းရွှေ့ဖယ်ရှားရန် အကြောင်းကြားဆောင်ရွက်ပြီးဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ထို့ပြင် အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရန်အတွက် အန္တရာယ်ရှိနိုင်သည့်အဆင့်အပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် အင်ဂျင်နီယာဌာနတွင် ခေါ်ယူညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်း အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ထားခြင်းမရှိသေးသော်လည်း အမြင်မတင့်တယ်လောက်အောင် ပျက်စီးနေသည့် အဆောက်အဦများ၏ ကြံ့ခိုင်ရေးကို ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စနှင့်ပတ်သက်၍ အင်ဂျီနီယာဌာန (အဆောက်အဦ) အနေဖြင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုထားသည့် မှတ်ပုံတင်လက်မှတ်ရ Enginer Construction များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားရန် အကြောင်းကြားစာများ ပေးပို့ပြီး ပြင်ဆင်ဆောင်ရွက်စေလျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

Most Read

Most Recent