အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူးမက်ဆီရဲ့ ဖခင်ဟာ ကျန်းမာရေးပြဿနာကြောင့် ဆေးကုသမှုခံယူနေရပြီး တိုးတက်ကောင်းမွန်လာကြောင်း မိသားစုက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
မက်ဆီရဲ့ဖခင် ဟော်ဟေမက်ဆီဟာ အသက်(၆၈)နှစ်ရှိပြီး ကုသမှုခံယူနေရတဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့မိသားစုက အတိအကျဖော်ပြခြင်းမပြုပေမဲ့ မီဒီယာတချို့ကတော့ အတော်လေးပြင်းထန်တဲ့ ကျန်းမာရေးပြဿနာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဟော်ဟေမက်ဆီဟာ သားဖြစ်သူ မက်ဆီကို ကလေးဘဝကတည်းက လက်ရှိအချိန်အထိ အေးဂျင့်အဖြစ်ရော မန်နေဂျာတစ်ဦးအနေနဲ့ပါ ထိန်းကြောင်းလမ်းညွှန်ပေးခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် မက်ဆီက အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ အဖွင့်ဂိုးသွင်းယူပြီးချိန် မျက်ရည်ကျခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
အဲဒီအချိန်မှာ ဟော်ဟေမက်ဆီ ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလသတင်း ထွက်ပေါ်ခဲ့တာကြောင့် မက်ဆီက စိတ်ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
လက်ရှိအချိန်မှာ သူ့မိသားစုက ဟော်ဟေမက်ဆီရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာကြောင်း ကြေညာခဲ့ပေမဲ့ ဆေးရုံမှာ ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရပါတယ်။















