အစ္စရေးတင့်ကားများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား

အစ္စရေးတင့်ကားများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ ပြောကြား
Published 19 June 2026

ဇွန် ၁၉ ရက်တွင် လက်ဘနွန်တောင်ပိုင်း၌ အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူသုံးဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဟစ်ဇ်ဘိုလာအဖွဲ့က ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် အစ္စရေးတင့်ကား သုံးစီးကို ဖျက်ဆီးပစ်ခဲ့ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောကြားခဲ့သည်။

အဆိုပါ တိုက်ပွဲများသည် လက်ဘနွန်အပါအဝင် အရှေ့အလယ်ပိုင်းစစ်ပွဲကို မျက်နှာစာအားလုံးတွင် အဆုံးသတ်ရန် အမေရိကန်နှင့် အီရန်တို့ကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟစ်ဇ်ဘိုလာက ဇွန် ၁၉ ရက်တွင် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများသည် Merkava တင့်ကား သုံးစီးကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ယင်းတင့်ကားများ ပျက်စီးပြီး မီးလောင်ကျွမ်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

အဓိကကျသော နာဘာတီးယားမြို့ကို အပေါ်စီးမှ မြင်တွေ့နိုင်သည့် မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်သော အလီအယ်လ်တာဟာကုန်းမြင့်များ၏ မြောက်ဘက်ခြမ်းကို အစ္စရေးစစ်တပ်၏ သံချပ်ကာတပ်စုတစ်စုနှင့် ခြေလျင်တပ်စုတစ်စု ပါဝင်သော စစ်ကြောင်းက ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲတွေက အခုထိ ဆက်လက်ဖြစ်ပွားနေဆဲပါပဲ" ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။

အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့မှအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် မတ်လအတွင်းတွင် လက်ဘနွန်နိုင်ငံသည် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်းသို့ ပါဝင်လာခဲ့သည်။

အစ္စရေးကလည်း လက်ဘနွန်နိုင်ငံတစ်ဝန်းကို ပြန်လည်တိုက်ခိုက်ခြင်း၊ အစ္စရေးနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဟစ်ဇ်ဘိုလာ၏ သြဇာလွှမ်းမိုးမှုအောက်တွင် ကာလရှည်ကြာရှိနေသည့် လက်ဘနွန်တောင်ပိုင်းသို့ ခြေလျင်စစ်ကြောင်းဖြင့် ကျူးကျော်ဝင်ရောက်ခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သည်။

အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီချက် ရရှိခဲ့သော်လည်း လက်ဘနွန်တွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများမှာမူ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

နာဘာတီးယားမြို့အနီးရှိ အာနွန်မြို့မှ ကဖာတစ်ဗ်နစ်မြို့စွန်သို့ ရှေ့တိုးဝင်ရောက်ရန် ကြိုးပမ်းလာသည့် အစ္စရေးစစ်တပ်၏ စစ်ကြောင်းတစ်ခုကို တိုက်ခိုက်နေကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံပိုင် အမျိုးသားသတင်းအေဂျင်စီ NNA ၏ ဇွန် ၁၈ ရက်သတင်းဖော်ပြချက်အရ ကဖာတစ်ဗ်နစ်ဒေသတွင် ရန်သူ့ဒရုန်းတစ်စင်းက မော်တော်ယာဉ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အိမ်နီးချင်းကျေးရွာဖြစ်သော ဇက်ဒင်းတွင်လည်း အခြားဒရုန်းတစ်စင်း၏ တိုက်ခိုက်မှုကြောင့် နောက်ထပ်လူတစ်ဦး သေဆုံးခဲ့ကြောင်း NNA က ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်း၌ ဇွန် ၁၈ ရက်ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုအတွင်း အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့ပြီး အခြားစစ်သား ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်က လက်ဘနွန်နိုင်ငံရှိ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များအနေဖြင့်လည်း ဇွန် ၁၈ ရက်က အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း အစီရင်ခံတင်ပြလာသည်ဟု ပြောကြားခဲ့သည်။

"လက်ရှိအချိန်အထိ ဒုံးကျည် ဒါမှမဟုတ် လက်နက်ကြီး ပစ်ခတ်မှုလမ်းကြောင်း ၁၄၃ ခုကို တွေ့ရှိထားပါတယ်။ အဲဒီအထဲက ၁၁၉ ခုဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ဘက်က ပစ်ခတ်တာဖြစ်ပြီး ကျန်တဲ့ပစ်ခတ်မှုတွေကတော့ ဟစ်ဇ်ဘိုလာဘက်က ဖြစ်ပါတယ်။မနေ့တုန်းကတော့ ပစ်ခတ်မှုပေါင်း ၃၆၄ ခုကို တွေ့ရှိခဲ့ရပြီး၊ အဲဒီအထဲက ၃၃၀ ဟာ IDF ဘက်ကဖြစ်ပြီး ၃၄ ခုကတော့ ဟစ်ဇ်ဘိုလာဘက်က ဖြစ်ပါတယ်" ဟု ဒူဂျာရစ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent