စူပါကွန်ပျူတာရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် နောက်ဆုံးခန့်မှန်းမှုမှာ အင်္ဂလန်အသင်းက ဒုတိယအလားအလာအကောင်းဆုံးဖြစ်လာကြောင်း သိရပါတယ်။
အချက်အလက်တွေအပေါ် အခြေခံတွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာက ၂၀၂၆ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွေ ယှဉ်ပြိုင်အပြီးမှာ ခန့်မှန်းတွက်ချက်မှု ထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်သစ်က ထိပ်ဆုံးမှာ ဆက်ရှိနေပေမဲ့ အင်္ဂလန်က စပိန်ကိုကျော်ဖြတ်ပြီး ဒုတိယနေရာ ရောက်လာခဲ့တာပါ။
အင်္ဂလန်အသင်းက အုပ်စုအဖွင့်ပွဲမှာ ခရိုအေးရှားကို (၄-၂)ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာကြောင့် အုပ်စုပထမနေရာရရှိဖို့ အလားအလာအကောင်းဆုံးအသင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
အင်္ဂလန်အသင်း အုပ်စုပထမနေရာရရှိဖို့ အလားအလာ (၉၂.၁၅)ရာခိုင်နှုန်းရှိတယ်လို့ သတ်မှတ်ခံရတာဖြစ်ပါတယ်။
(၃၂)သင်းအဆင့်ကို တက်ရောက်ဖို့ အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံရတာကတော့ အဖွင့်ပွဲမှာ ကူရာဆာကို (၇-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဂျာမနီအသင်းဖြစ်ပြီး (၉၉.၈၆)ရာခိုင်နှုန်း သတ်မှတ်ခံရတာပါ။
ချန်ပီယံဆုရရှိဖို့ အလားအလာမှာ ပြင်သစ်အသင်းက (၁၅.၄၄)ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး အင်္ဂလန်က (၁၂.၅၇)ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ၊ စပိန်က (၁၂.၁၆)ရာခိုင်နှုန်းနဲ့ တတိယနေရာ၊ အာဂျင်တီးနားက (၁၁.၉၃)ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာရှိနေကြောင်း သိရပါတယ်။















