ဆိုမာလီယာနိုင်ငံမှခွဲထွက်ထားသောဆိုမာလီလန်း၏သမ္မတနှင့်တွေ့ဆုံခဲ့သည့် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မိမိ၏နိုင်ငံသည်အများပြည်သူမသိဘဲ ဆိုမာလီလန်းနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာနှစ်ပေါင်းများစွာရှိပြီဟု ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပြည်တွင်းစစ်အပြီး ၁၉၉၁ ခုနှစ်တွင် ဆိုမာလီယာထံမှမိမိ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုကြေညာခဲ့သော ဆိုမာလီလန်း၏လွတ်လပ်ရေးကို ဒီဇင်ဘာလထဲတွင်ပထမဦးဆုံးအသိအမှတ်ပြုသည့်နိုင်ငံမှာ အစ္စရေးဖြစ်သည်။
"အစ္စရေးနိုင်ငံနဲ့ဆိုမာလီလမ်းတို့ဟာအကျိုးစီးပွား၊ ဒီမိုကရေစီတန်ဖိုးတွေ၊ လုံခြုံရေးနဲ့တည်ငြိမ်ရေးတို့ကို ဆောင်ရွက်မယ့် ကတိကဝတ်ကိုအခြေခံထားတဲ့ကာလရှည်ချစ်ကြည်ရင်းနှီးမှုရှိထားကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဟာအများပြည်သူမသိအောင်ပူးပေါင်းဆောင်ရွက်လာခဲ့တာနှစ်ပေါင်းများစွာရှိပြီဖြစ်ပါတယ်။ကျွန်တော်တို့ ဆက်တိုက်ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေကိုဆက်လက်လျှို့ဝှက်ထားမှာဖြစ်ပါတယ်"ဟု အစ္စရေးကတ်ဇ်က ပြောကြားကြောင်း ၎င်း၏ရုံးကထုတ်ပြန်ခဲ့သည်။
"အခုဆိုရင်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုမကြုံဘူးတဲ့အဆင့်သစ်တစ်ရပ်အထိဖြစ်လာအောင် ဆောင်ရွက်ဖို့ဆုံးဖြတ်ထားကြပါတယ်။ ဒါကလည်းနှစ်နိုင်ငံပြည်သူတွေရဲ့အကျိုးအမြတ်အတွက်သာမကဒေသရဲ့တည်ငြိမ်မှုအတွက် ဖြစ်ပါတယ်"ဟု ဆိုမာလီလန်းသမ္မတ အဗ္ဗဒီရာမန်မိုဟာမက်အဗ္ဗဒူလာနီနှင့်တွေ့ဆုံရာတွင်အစ္စရေးကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်ဟု သိရသည်။
ဆိုမာလီလန်းသည် အေဒင်ပင်လယ်ကွေ့၌မဟာဗျူဟာကျသောနေရာတွင်ရှိနေပြီး၊ကိုယ်ပိုင်ငွေကြေး၊နိုင်ငံကူးလက်မှတ်၊စစ်တပ်တို့ရှိသည်ဆိုသော်လည်းအပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုမှုကိုရရှိရန်အခက်အခဲတွေ့နေသည်။
ဆိုမာလီလန်းကို အသိအမှတ်ပြုခြင်းက ဆိုမာလီယာနိုင်ငံကိုရန်စသည့်သဘောသက်ရောက်နေပြီး၊ အာဖရိကတိုက်ရှိအခြားခွဲထွက်သည့်လှုပ်ရှားမှုများကိုအားပေးသည့်အနေအထားဖြစ်လာမည်ကို နိုင်ငံတကာက စိုးရိမ်နေသည်။
Ref:AFP















