တရုတ်နိုင်ငံ၏ အေးအတူပူအမျှနိုင်ငံခြားရေးမူဝါဒ၊ လက်တွေ့သံတမန်ရေးရာ အောင်မြင်မှုများနှင့်ကမ္ဘာ့အခင်းအကျင်းသစ်

တရုတ်နိုင်ငံ၏ အေးအတူပူအမျှနိုင်ငံခြားရေးမူဝါဒ၊ လက်တွေ့သံတမန်ရေးရာ အောင်မြင်မှုများနှင့်ကမ္ဘာ့အခင်းအကျင်းသစ်
Published 17 June 2026
စုသက်မှူး(မရမ်းကုန်း)

မျက်မှောက်ခေတ်  ကမ္ဘာ့နိုင်ငံရေးနှင့်  စီးပွားရေးအခင်းအကျင်းသည်  တစ်နေ့ထက်တစ်နေ့ ပိုမို ရှုပ်ထွေးပွေလီလာလျက် ရှိသည်။ ထိုသို့သော မသေချာမရေရာမှုများနှင့်  လှိုင်းလေထန်နေသည့် နိုင်ငံတကာမျက်နှာစာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သံတမန်ရေးရာ လှုပ်ရှားမှုများနှင့် နိုင်ငံခြားရေးမူဝါဒများသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ရမည့် ဗဟိုချက် ဖြစ်လာခဲ့သည်။ မကြာသေးမီက မီဒီယာအချို့တွင် တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ချဉ်းကပ်မှုများကို ပုံဖျက် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ သည်များ ခပ်စိပ်စိပ် တွေ့ရသည်။ သို့သော်လည်း ပကတိ အရှိတရားကို ဘက်လိုက်မှုမရှိဘဲ ဆန်းစစ်ကြည့်မည်ဆိုပါက တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ကမ္ဘာ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် လူသားမျိုးနွယ်များ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးဟူသော လေးနက်ခိုင်မာသည့် မူဝါဒများပေါ်တွင် အခြေခံထားကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

အမှန်စင်စစ် တရုတ်နိုင်ငံသည် ရှေးယခင်ကတည်းကပင် လွတ်လပ်၍ အမှီအခိုကင်းသောငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာ ကျင့်သုံးခဲ့ပြီး၊ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့်အင်အားသုံး နိုင်ငံရေး ပုံစံမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သည်။ အထူးသဖြင့် နိုင်ငံကြီးငယ်မရွေး၊ အင်အားကြီး သည်ဖြစ်စေ အင်အားနည်းသည်ဖြစ်စေ နိုင်ငံအားလုံး တန်းတူညီမျှရှိစေရမည်ဟူသော အတွေးအခေါ် သည် တရုတ်နိုင်ငံ၏ သံတမန်ရေးရာတွင် အဓိကမဏ္ဍိုင်ကြီးတစ်ရပ်အဖြစ်မြင်နေရသည်။

နိုင်ငံတော်အကြီးအကဲအဆင့် သံတမန်ရေးရာနှင့် မဟာဗျူဟာမြောက်တည်ငြိမ်မှုလွန်ခဲ့သည့် ကာလများအတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ အကြီးအကဲများနှင့် သံတမန်များ တစ်ဖွဲဖွဲ လာရောက်ခဲ့ကြခြင်းသည် တရုတ်နိုင်ငံ၏ သံတမန် ရေးရာ ဩဇာတိက္ကမ မည်မျှ ကြီးမားလာသည်ကို သက်သေပြနေခြင်း ဖြစ်သည်။ သမ္မတရှီကျင့်ဖိန် ကိုယ်တိုင် စီစဉ်ညွှန်ကြားပြီး ဖော်ဆောင်ခဲ့သော ခန့်ညားထည်ဝါသည့် နိုင်ငံတော် အကြီးအကဲအဆင့် သံတမန် ရေးရာ လုပ်ငန်းများသည် လှုပ်ခတ်ချောက်ချားနေသော ကမ္ဘာကြီးအတွက် အဖိုးတန်ဆုံးသော တည်ငြိမ်မှုနှင့် သေချာရေရာမှုများကို ပေးစွမ်းလျက် ရှိသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ဧည့်သည်နိုင်ငံအပေါ် ထားရှိသည့် အလေးအနက် တန်ဖိုးထားမှုနှင့် အပြန်အလှန် လေးစားမှုကို မြင်တွေ့ခံစားရသည်။ တရုတ်နိုင်ငံသို့ အမေရိကန်သမ္မတ လာရောက်ခြင်း၊ရုရှားသမ္မတ လာရောက်ခြင်း၊ အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပါကစ္စတန်ဝန်ကြီးချုပ်တို့ကို တရုတ်နိုင်ငံက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံခဲ့ခြင်းတို့သည် တရုတ်နိုင်ငံ၏ကျယ်ပြန့်ပြီး သဘောထားကြီးမားသော မိတ်ဖက်မူဝါဒကို ပြသနေခြင်း ဖြစ်ပေသည်။ ထို့ပြင်သမ္မတ ရှီကျင့်ဖိန်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက မြောက်ကိုရီးယား နိုင်ငံသို့သွားရောက်ခဲ့သည့် သမိုင်းဝင် ခရီးစဉ်များသည် ဒေသတွင်း ပဋိပက္ခများကို လျှော့ချရန်နှင့် တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ရန် လက်တွေ့ကျကျ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟုဆိုရပါမည်။

တရုတ်နိုင်ငံ၏ မဟာမိတ်ထက် မိတ်ဖက်ဆက်ဆံရေးကို လိုလားသည့် တန်းတူညီမျှ ဆက်ဆံရေး တရုတ်နိုင်ငံ၏ သံတမန်ရေးရာ မူဝါဒသည် အုပ်စုဖွဲ့၍ မဟာမိတ်ဖွဲ့ခြင်း၊ အုပ်စုဖွဲ့ကာ အခြား နိုင်ငံများကို ဖိအားပေးခြင်းနှင့် စစ်ရေးအရ ခြိမ်းခြောက်ခြင်းများအပေါ် အခြေခံလေ့ မရှိသည်ကို တွေ့ရ သည်။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာမူဝါဒသည် စစ်ဘက်ဆိုင်ရာ တင်းကျပ်သော မဟာမိတ် စနစ်ထက် ကမ္ဘာလုံးဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် မိတ်ဖက်ဆက်ဆံရေးကိုသာ ဦးတည် ကျင့်သုံး နေသည်ကို တွေ့ရသည်။ လက်တွေ့တွင် ထိုမိတ်ဖက်စနစ်သည် နိုင်ငံအချင်းချင်းကြားတွင် စစ်ရေးအရ ဖိအားပေးမှု ကင်းဝေးစေပြီး၊ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ပိုမို အားပေးလျက် ရှိသည်။

လက်ရှိအချက်အလက်များအရ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၉ နိုင်ငံနှင့် မိတ်ဖက် နိုင်ငံများအဖြစ် ဆက်ဆံရေး တည်ဆောက်ထားသည်။ ဤအချက်သည် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒက နိုင်ငံများအကြား ဘက်မလိုက်ဘဲ၊ ပဋိပက္ခများအကြားတွင် တံတားတစ်စင်းအဖြစ် ရပ်တည်ကာ အားလုံးနှင့် သဟဇာတဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့် စွမ်းရည်ရှိကြောင်း သက်သေထူနေခြင်းအဖြစ် မြင်တွေ့ရသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် မိတ်ဖက် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ၊ နိုင်ငံကြီးငယ်မရွေးအပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် နိုင်ငံခြားရေးမူဝါဒ သံတမန်လမ်းကြောင်းကိုသာ ရွေးချယ်လျှောက်လမ်း နေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည့် ဖြေကြားချက်က ရှင်းလင်းသည်။  “ယနေ့ကမ္ဘာကြီးသည် ပြောင်းလဲရှုပ်ထွေးနေပြီး သေချာမှုသည် နေ့နှင့်အမျှ ကမ္ဘာ့ရှားပါး အရင်းအမြစ်ဖြစ်လာသည်။ တရုတ်သံတမန်ရေးသည် သမိုင်း၏ မှန်ကန်သော ဘက်တွင် ခိုင်မာမြဲမြံစွာ ရပ်တည်သွားမည်ဖြစ်သလို လူသားမျိုးနွယ် တိုးတက်ရေးဘက်တွင် ရပ်တည်၍ တရုတ်နိုင်ငံ၏ သေချာမှုဖြင့် မသေချာမရေရာသော ကမ္ဘာကို တည်ငြိမ်စေမည်” ဟု ဆိုထားသည်။ 

ခေတ်သစ်ပိုးလမ်းမကြီး (BRI) အစပျိုးဖော်ဆောင်မှုနှင့် အပြန်အလှန်အကျိုးရှိစေမည့် (Win-Win) ဗျူဟာ

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို လေ့လာကြည့်ရာတွင် လက်တွေ့အကျဆုံးနှင့် ကမ္ဘာ့ စီးပွားရေးကို အရှိန်အဟုန် အကောင်းဆုံး မောင်းနှင်နေသည့် အစိတ်အပိုင်းမှာ ခေတ်သစ် ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု (Belt and Road Initiative - BRI) ပင် ဖြစ်သည်။ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၃ ခုနှစ်တွင် စတင်အဆိုပြုခဲ့သော BRI စီမံကိန်းသည် ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာပိုးလမ်းမကြီးနှင့် ပိုးလမ်းမ စီးပွားရေးရပ်ဝန်းတို့ကို ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီး အာရှ၊ ဥရောပနှင့် အာဖရိကတိုက် များကို အခြေခံအဆောက်အအုံပိုင်း ချိတ်ဆက်ရန် ရည်ရွယ်ထားသည်။

ပိုးလမ်းမကြီး၏ အဓိကရည်ရွယ်ချက်မှာ အပြန်အလှန်အဖြေရှာခြင်း၊ အပြန်အလှန် လေ့လာ သင်ယူခြင်း၊ အားလုံးပါဝင်ဆောင်ရွက်ခြင်း၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်းတို့ ဖြစ်သည်။ တရုတ်နိုင်ငံသည် ပိုးလမ်းမရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ထည့်ဝင်ခဲ့ပြီး အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB) ကိုလည်း အောင်မြင်စွာ တည်ထောင်ခဲ့သည်။ အဆိုပါဘဏ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၇၀ ကျော် ရှိလာပြီး ကမ္ဘာ့ဘဏ်ပြီးလျှင် ဒုတိယအကြီးဆုံး ဘဏ်အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

၂၀၁၃ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသည် ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများတွင် အမေရိကန်ဒေါ်လာ  ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ စီးပွားရေးနှင့်  ကုန်သွယ်ရေးဇုန်ပေါင်း ၅၆ ခုကျော်ကို တည်ငြိမ်အောင် ဆောင်ရွက်ပေးခဲ့သည်။ ၎င်းသည် ဒေသတွင်းနိုင်ငံများအတွက် အခွန်ဘဏ္ဍာငွေများ တိုးပွားစေရုံမျှမက အလုပ်အကိုင် အခွင့်အလမ်းပေါင်း သိန်းနှင့်ချီ၍ ဖန်တီး ပေးနိုင်ခဲ့သည်။ သီရိလင်္ကာနိုင်ငံရှိ ကိုလံဘိုသင်္ဘောဆိပ်ကမ်း၊ လာအိုရထားလမ်း၊ အင်ဒိုနီးရှားနိုင်ငံရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းပိုင်းနှင့် ကင်ညာနိုင်ငံရှိ မွမ်ဘဇာ-နိုင်ရိုဘီ ရထားလမ်းပိုင်းစီမံကိန်းများသည် တရုတ်နိုင်ငံ၏ ရိုးသားစစ်မှန်သော ကူညီပံ့ပိုးမှုနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားမှုများ ဖြစ်ကြသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် ပကတိလိုအပ်နေသော အခြေခံအဆောက်အအုံများ ဖြစ်သည်ကို ထင်ရှားစွာ တွေ့ရမည်ဖြစ်သည်။ 

အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသည့် သံတမန်ရေးရာ အတွေးအခေါ်နှင့်မြန်မာ-တရုတ် ဆက်ဆံရေး

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် သံတမန်ဆက်ဆံရေးတွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း ချန်လှပ်ထား၍ မရပေ။ တရုတ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများနှင့် သံတမန် ရေးရာကိစ္စရပ်များ ဆက်ဆံရာတွင် ရင်းနှီးပွင့်လင်းခြင်း၊ ရိုးသားစစ်မှန်ခြင်း၊ အပြန်အလှန် အကျိုးပြုခြင်းနှင့် သည်းခံခွင့်လွှတ်ခြင်းဟူသော အိမ်နီးချင်းသံတမန်ရေးရာ အတွေးအခေါ်ကို လက်ကိုင် ကျင့်သုံးသည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင်လည်း တရုတ်နိုင်ငံသည် ခေတ်အဆက်ဆက် ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကူညီဆောင်ရွက်ပေးခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်နိုင် သည်။ ဇွန်လ ၁၆ ရက်နေ့ကပင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် အရေးပါသော တွေ့ဆုံဆွေးနွေးပွဲကို ပေကျင်းတွင် အောင်မြင်စွာ ပြုလုပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် မူဝါဒကို ဆက်လက်ကိုင်စွဲထားကြောင်းနှင့် မြန်မာ နိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက်သာ ဖြစ်ကြောင်း လေးနက်စွာ ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ခြင်းအား တရုတ် နိုင်ငံက ခိုင်ခိုင်မာမာ ထောက်ခံသည်။ မြန်မာအစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရန်၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီပြီး ပြည်သူလူထုက ထောက်ခံအားပေးသည့် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန် တရုတ် နိုင်ငံက အပြည့်အဝ ဝန်းရံထောက်ခံအားပေးကြောင်းလည်း အပြုသဘောဆောင်စွာ ကတိပြုခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံကောင်းများကို မြန်မာနိုင်ငံနှင့် လက်တွဲမျှဝေရန် အသင့်ရှိနေသည်ကို မြင်ရသည်။ ထို့ပြင် သမ္မတဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာစေခဲ့သည် ရလဒ်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံကြား သဘောတူစာချုပ်နှင့် နားလည်မှု စာချွန်လွှာ ၁၈ ခုတို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရေးထိုးနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ယင်းသည် နှစ်နိုင်ငံပြည်သူ ပြည်သား များအတွက် မင်္ဂလာရှိသော သတင်းဖြစ်သလို တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး (၇၆)နှစ်တာ ကာလ၏ အဓိပ္ပာယ်ရှိမှုကို ဖော်ဆောင် နိုင်ခဲ့ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံ၏ ပကတိ အရှိတရား

တရုတ်နိုင်ငံ၏ ပကတိအရှိတရားတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်သံတမန်ရေးရာ ဆက်ဆံမှုသည် ကမ္ဘာ့နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လေးစားစွာဖြင့် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် တည်ငြိမ်ပြီး အမြော်အမြင်ကြီးမားသည်ဟု ဆိုရမည်ဖြစ်သည်။ တရုတ်ပုံစံ နိုင်ငံခြားရေးမူဝါဒနှင့် သံတမန်ရေးရာဆက်ဆံမှုကို မည်သူက မည်သို့ပင် ပုံဖျက်ဝေဖန်သည်ဖြစ်စေ၊ တရုတ်နိုင်ငံသည် ၎င်းတို့၏ မူဝါဒလမ်းစဉ်အတိုင်း ခိုင်မာစွာ လျှောက်လှမ်းလျက် ရှိသည်ကို အတုယူလေ့လာရမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာသော်လည်း ဗိုလ်ကျစိုးမိုးရန်မကြိုးစားဘဲ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများကို လေးစားလျက် လူသားမျိုးနွယ်တစ်ရပ်လုံး အေးအတူ ပူအမျှ ရေရှည်ဖွံ့ဖြိုးတိုးတက်မည့် လမ်းစဉ်ကိုသာ ရှေးရှုလျက် ရှိသည်။

ခြုံငုံ၍ သုံးသပ်ရပါမူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် သံတမန်ရေးရာ ချဉ်းကပ်မှုများသည် နိုင်ငံကြီးငယ်မရွေး တန်းတူညီမျှ ဆက်ဆံရေး၊ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးနှင့် ခေတ်သစ်ပိုးလမ်းမကြီးမှတစ်ဆင့် ဘုံဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဓိက ဒေါက်တိုင်ကြီး ဖြစ်သည်။ မတည်ငြိမ်မှု များနှင့် ပြည့်နှက်နေသော ယနေ့ကမ္ဘာကြီးတွင် တရုတ်နိုင်ငံ၏ ခိုင်မာသေချာသော သံတမန်ရေးရာ လမ်းစဉ်သည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက် အပြုသဘောဆောင်သော ရလဒ်ကောင်းများကိုသာ ဆက်လက် ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်မိပါတော့သည်။

Most Read

Most Recent