မြန်မာအမျိုးသမီးအချို့ကို လူကုန်ကူးခဲ့သည့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင် တရုတ်နိုင်ငံသားကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်ဟု ဘန်ကောက်ပို့စ်တွင် သတင်းဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒင်းဒန်းခရိုင်ရှိ ဟိုတယ်တစ်ခု၏ အခန်းအပြင်ဘက်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က အာဏာပိုင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသူမှာ တရုတ်တရားဥပဒေစိုးမိုးရေးအဖွဲ့က ဦးစားပေးသတ်မှတ်ထားသူတစ်ဦးဖြစ်ပြီး ၎င်းမှာ တရုတ်နိုင်ငံတွင် နိုင်ငံတကာလူကုန်ကူးမှုများဖြင့် အမှုဖွင့်ခံထားရသူဖြစ်ကာ ထိုင်းအာဏာပိုင်များက ၎င်း၏ ဗီဇာကို ပယ်ဖျက်ကာ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး တရုတ်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သံသယရှိသူအများအပြားကို ဖမ်းဆီးနိုင်ခဲ့သော်လည်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်း၏ အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အဆိုပါ တရုတ်နိုင်ငံသား Gao မှာ တရုတ်နိုင်ငံမှ ထွက်ပြေးကာ ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့သည်။
တရုတ်အာဏာပိုင်များက ၎င်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမူဘောင်မှတစ်ဆင့် ရှာဖွေဖော်ထုတ်ရန်နှင့် ဆိုက်ဘာလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ကာ ထိုင်းအာဏာပိုင်များထံ တရားဝင်အကူအညီတောင်းခံခဲ့သည်ဟု ဘန်ကောက်ပို့စ်က သတင်းဖော်ပြသည်။
၎င်းသည် မြန်မာနိုင်ငံမှ အမျိုးသမီး အယောက် ၂၀ ထက်မနည်းကို တရုတ်နိုင်ငံသို့ မှောင်ခိုကူးခဲ့ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့သို့လည်း တရုတ်အမျိုးသား အယောက် ၂၀ ထက်မနည်းကိုဝင်ရောက်သွားလာနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ယင်းအဖွဲ့သည် စာရွက်စာတမ်းအတုများကို အသုံးပြုကာ နယ်စပ်ဖြတ်ကျော်၍ လူများကိုတရားမဝင်ရွှေ့ပြောင်းသွားလာစေခဲ့သည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။
ထိုင်းအာဏာပိုင်များ၏ မှတ်တမ်းများအရ ၎င်းသည် ထိုင်းနိုင်ငံသို့ အနည်းဆုံး ၂၁ ကြိမ်အထိ ဝင်ထါက်သွားလာခဲ့ပြီး အများစုမှာ တရုတ်နိုင်ငံတွင် တရားစွဲခံရခြင်းမှ ရှောင်တိမ်းရန် ခရီးသွားဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ထိုင်းနှင့် တရုတ်အာဏာပိုင်များ ပူးပေါင်းမှုဖြင့် ယခုအကြိမ်တွင် ၎င်းတည်းခိုသည့်ဟိုတယ်ကို ခြေရာခံမိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။















