■ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မြန်မာအစိုးရအဆက်ဆက်ခေါင်းဆောင်များ၏ တွေ့ဆုံမှုမှတ်တမ်းများ

■ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မြန်မာအစိုးရအဆက်ဆက်ခေါင်းဆောင်များ၏ တွေ့ဆုံမှုမှတ်တမ်းများ
Published 15 June 2026

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက် ၁၉ ရက်အထိ ငါးရက်ကြာချစ်ကြည်ရေးခရီးလည်ပတ်ရန် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံပေကျင်းမြို့သို့ ယနေ့(ဇွန် ၁၅ ရက်) ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် ရောက်ရှိသွားပြီဖြစ်သည်။ 

တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်တို့သည် ဇွန် ၁၆ ရက်တွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိသည်။ 

တရုတ်သမ္မတရှီကျင့်ဖျင်သည် သမ္မတတာဝန်မထမ်းဆောင်မီ ဒုတိယသမ္မတတာဝန်ထမ်းဆောင်စဉ်ကတည်းက မြန်မာခေါင်းဆောင်အဆက်ဆက်ဖြင့် ထိတွေ့ဆက်ဆံမှုရှိခဲ့သည့် တရုတ်နိုင်ငံမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။



■ -နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွေ့ဆုံမှု

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဒုတိယသမ္မတတာဝန်ဖြင့် မြန်မာနိုင်ငံသို့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာတွင် နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့ပြီး ထိုစဉ်က မြန်မာခေါင်းဆောင်ဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှင့် တွေ့ဆုံခဲ့သည်။ 

၂၀၀၉ ခုနှစ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်တွင် တရုတ်-မြန်မာ ကုန်သွယ်ရေး၊ ရေအားလျှပ်စစ်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကိစ္စရပ်များအပါအဝင် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်များကိုလက်မှတ်ရေးထိုးခဲ့သည်။ 



■ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွေ့ဆုံမှု(၂၀၁၁-၂၀၁၆)

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲမှတစ်ဆင့်ထွက်ပေါ်လာသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် (၂၀၁၁-၂၀၁၆)ကာလအတွင်း သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် တရုတ်နိုင်ငံ နန်နန်းမြို့တွင်ပြုလုပ်သည့် (၉)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်တွင် ဆွေးနွေးပွဲပြင်ပ၌ ထိုစဉ်က တရုတ်နိုင်ငံဒုတိယသမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည်။

ထို့နောက် ၂၀၁၃ ခုနှစ်တွင် ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသမ္မတဖြစ်လာပြီး ယင်းနှစ် ဧပြီလ၌ တရုတ်နိုင်ငံ ဟိုင်နန်ဒေသ ဆာန်ယာမြို့တွင်ကျင်းပသည့် ဘိုအောင်းဖိုရမ်သို့ သမ္မတဦးသိန်းစိန်လည်းတက်ရောက်ကာ နှစ်နိုင်ငံခေါင်းဆောင်များ ထပ်မံတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ 

ယင်းနောက် သမ္မတဦးသိန်းစိန် ၂၀၁၄ ခုနှစ်တွင် ဇွန်လကုန်ပိုင်းတွင် ပေကျင်းမြို့တွင်ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် (၆၀) ပြည့် အထိမ်းအမှတ် အခမ်းအနားခရီးစဉ်နှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် ပေကျင်းမြို့တွင်ကျင်းပသည့်  ချိတ်ဆက်မှုမိတ်ဖက်အဖွဲ့အစည်းများ အားကောင်းလာစေရေး ဆွေးနွေးပွဲခရီးစဉ်သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်များတွင်လည်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံ ဆွေးနွေးမှုများရှိခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကနြှင့် အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးမှုများရှိခဲ့သည်။ 

ထို့အတူ သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင်ကျင်းပသည့် နှစ်(၆၀)ပြည့် အာဖရိက-အာရှ ထိပ်သီးအစည်းအဝေး(ဘန်ဒေါင်းညီလာခံ အထိမ်းအမှတ်)တွင်လည်း သီးခြားတွေ့ဆုံခဲ့သည်။

ယင်းနောက် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် ပေကျင်းတွင်ကျင်းပသည့် တရုတ်နိင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယကမ္ဘာစစ်အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားတက်ရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း သမ္မတဦးသိန်းစိန်နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်တို့သည် တွေ့ဆုံ၍ နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ 

သမ္မတဦးသိန်းစိန်သည် သမ္မတတာဝန်မှအနားယူပြီးနောက် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်က ကျင်းပခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ချမှတ်ခြင်း (၇၀) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား သို့ တက်ရောက်ရန် ဖိတ်ကြားခံရပြီး ယင်းခရီးစဉ်တွင်လည်း ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံနှုတ်ဆက်မှုများရှိခဲ့သည်။ 



■ NLD အစိုးရလက်ထက်ခေါင်းဆောင်များနှင့် တွေ့ဆုံမှု(၂၀၁၆-၂၀၂၀)

၂၀၁၆ ခုနှစ်တွင် NLD ပါတီဦးဆောင်သော အစိုးရတစ်ရပ်ပေါ်ပေါက်လာပြီးနောက် ၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်မှ ၁၁ ရက်အထိ သမ္မတဦးထင်ကျော်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လူမှုစီးပွား မြှင့်တင်ရေး၊ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် ပညာရေး ကဏ္ဍများအတွက် တရုတ်နိုင်ငံဘက်မှ ယွမ်တစ်ဘီလျံ ကူညီပေးရန် သဘောတူညီချက်၊ ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ သွယ်တန်းထားသည့် ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းစတင်ပို့လွှတ်ခြင်း သဘောတူညီချက်အပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကိုးခုကို လက်မှတ်ရေးထိုးခဲ့သည်။

အလားတူ ၂၀၁၇ ခုနှစ် မေလတွင် ပေကျင်းမြို့တွင်ကျင်းပသည့် ခေတ်သစ်ပိုးလမ်းမကြီး ထိပ်သီးနှီးနှောဖလှယ်ပွဲ(Belt and Road Forum) သို့ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်ဖြင့်တက်ရောက်ခဲ့ပြီး တက်ရောက်စဉ်အတွင်း တရုတ်သမ္မတရှီကျင်ဖျင့်နှင့်တွေ့ဆုံဆွေးနွေးမှုရှိခဲ့ကာ ယင်းခရီးစဉ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာငါးခုကို လက်မှတ်ရေးထိုးခဲ့သည်။

ယင်းနောက် ၂၀၁၉ ခုနှစ် ဧပြီတွင် ပေကျင်းမြို့ကျင်းပသည့် ပိုးလမ်းမထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်သည် ထပ်မံသွားရောက်ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးစင်္ကပြူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံမှ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ ဆက်တိုက်သွားရောက်ခဲ့သကဲ့သို့ တရုတ်သမ္မတရှီကျင့်ဖျင်သည်လည်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့သည်။

အဆိုပါ တရုတ်သမ္မတရှီကျင့်ဖျင်၏ နေပြည်တော်ခရီးစဉ်တွင် ထိုစဉ်က သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(ယခု နိုင်ငံတော်သမ္မတ)တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကာ မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီး၊ ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးနှင့် မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာများ အပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့သည်။ 



■ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင် တွေ့ဆုံမှု

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် သမ္မတတာဝန်မထမ်းဆောင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးတာဝန်တစ်ခုတည်းထမ်းဆောင်စဉ်က တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုအဖြစ် တရုတ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာ၊ ၂၀၁၉ ခုနှစ် ဧပြီလတို့တွင် သွားရောက်ခဲ့သည့် ခရီးစဉ်များတွင်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရုတ်သမ္မတက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်တွင်လည်း ဆွေးနွေးမှုများရှိခဲ့သည်။ 

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဦးဆောင်ဖွဲ့စည်းသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်နှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစိုးရလက်ထက်တို့တွင် အဆိုပါကောင်စီနှင့် ကော်မရှင်တို့၏ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ယာယီသမ္မတအဖြစ်လည်းကောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ယူဆောင်ရွက်ချိန်၌ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် နှစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။ 

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ထိုစဉ်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ၂၀၂၅ ခုနှစ် မေ ၉ ရက်တွင် ရုရုားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်(၈၀)ပြည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်စဉ် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ယင်းနောက် ထိုစဉ်က ယာယီသမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်နှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025)နှင့်တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် အလုပ်သဘောခရီးသွားရောက်ခဲ့ပြီး တီယန်ကျင်းမြို့တွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကာ မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား နားလည်မှုစာချွန်လွှာ (၆) ခုကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရလက်ထက်တွင် တရုတ်နိုင်ငံသို့သွားရောက်သည့် ခရီးစဉ်သည့် နိုင်ငံတော်အဆင့် တရားဝင်ဖိတ်ကြားသည့် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံ သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးမှုတစ်ဆင့် နှစ်နိုင်ငံအကြား ယခင်သဘောတူထားပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများ စတင်ဖော်ဆောင်လာနိုင်မည့်အခြေအနေလည်း ရှိနေသည်။

Most Read

Most Recent