အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သည့် ISP Myanmar အဖွဲ့တည်​ထောင်သူ အမှု​ဆောင်ဒါရိုက်တာ ဦးမင်းဇင်အား တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်း

အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သည့် ISP Myanmar အဖွဲ့တည်​ထောင်သူ အမှု​ဆောင်ဒါရိုက်တာ ဦးမင်းဇင်အား တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်း
Published 12 June 2026

မြန်မာ့နိုင်ငံရေးလေ့လာသူ အမေရိကန်နိုင်ငံသား တစ်ဦးကို တရုတ်နိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားကြောင်း The New York Times သတင်းတွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးထားသည့် အဆိုပါအမေရိကန်နိုင်ငံသားကို အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမှုဖြင့် စွပ်စွဲထားသည်ဟု ယင်းအကြောင်းအရာနှင့်ပတ်သက်သည့် နီးစပ်သောသတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။

ဖမ်းဆီခံထားရသူသည် U.C. Berkeley တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံအခြေစိုက် သုတေသနအဖွဲ့တစ်ခုကို တည်ထောင်သူလည်းဖြစ်သည့် အမေရိကန်နိုင်ငံသား ဦးမင်းဇင် ဖြစ်သည်။

ယင်းဖြစ်စဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တရုတ်နိုင်ငံသို့ သွားရောက်ကာ တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံပြီးနောက် မကြာမီမှာပင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဦးမင်းဇင်သည် ဇွန်လအစောပိုင်းတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

၎င်းသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယူနန်ပြည်နယ်၏ ကူမင်းမြို့တော်သို့ ရောက်ရှိနေစဉ် ဇွန်လ ၃ ရက်နေ့က ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အမေရိကန် သံတမန်များအနေဖြင့် ယခုဖမ်းဆီးခံရမှုဖြစ်စဉ်ကို သိရှိထားပြီးဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသားတစ်ဦးကို အမျိုးသားလုံခြုံရေးဆိုင်ရာ ပြစ်မှုဖြင့် ဖမ်းဆီးခြင်းသည် ရှားပါးဖြစ်စဉ်တစ်ခုဖြစ်ပြီး  ထရန့်နှင့် ရှီတို့ကြား နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးတစ်ရပ် ထူထောင်ရန် ကြိုးပမ်းနေချိန်တွင် ယခုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဦးမင်းဇင်သည် နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ယခင်က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် အခြေစိုက်ခဲ့သည့် မူဝါဒရေးရာ သုတေသနအဖွဲ့တစ်ခု၏ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်သည်။

သူသည် အမေရိကန်နှင့် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင်မူ ထိုင်းနိုင်ငံ၌ နေထိုင်လျက်ရှိသည်။

ဦးမင်းဇင်သည် The New York Times ၊ Foreign Policy နှင့် အခြားသော သတင်းမီဒီယာအဖွဲ့အစည်းများတွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ဆောင်းပါးများကို ရေးသားခဲ့သူလည်း ဖြစ်သည်။

အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်ပြီး The New York Times က မေးမြန်းခဲ့ချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက "တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းတွေကို ကျွန်တော်တို့ သိရှိထားပါတယ်" ဟု  ထုတ်ပြန်ခဲ့သည်။

"အမေရိကန်နိုင်ငံသားတစ်ဦးဦး ဖမ်းဆီးခံရတဲ့အခါတိုင်း သင့်တော်တဲ့ ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ကျွန်တော်တို့ လုပ်ဆောင်လေ့ရှိပါတယ်" ဟု ဆိုသော်လည်း ဖက်ဒရယ် ပုဂ္ဂိုလ်ရေး လုံခြုံမှုဆိုင်ရာ ဥပဒေကို ကိုးကားပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

ဦးမင်းဇင်၏ဇနီးဖြစ်သူထံသို့ မှတ်ချက်ပေးရန် အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့သလို ဝါရှင်တန်ရှိ တရုတ်သံရုံးကလည်း ချက်ချင်းမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 Ref: The New York Times

Most Read

Most Recent