ထုတ်လုပ်လျှပ်စစ်ဓာတ်အား၏ ၁၈ ဒသမ ၃၈ % ခန့် (ယူနစ် ၃၅၅၉ သန်းခန့်)မှာ နှစ်စဉ် ဆုံးရှုံးနေသဖြင့် လျှပ်စစ်မသမာမှုများအား ရပ်တန့်ခြင်းနှင့် မသမာမှု ပြုလုပ်ခြင်းများ တွေ့ရှိပါက တိုင်ကြားရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သည်။
နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်၏ အစိတ်အပိုင်းဖြစ်သော ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတို့ တွင် ထုတ်လုပ်လျှပ်စစ်ဓာတ်အား၏ ၁၈ ဒသမ ၃၈ % ခန့် (ယူနစ် ၃၅၅၉ သန်းခန့်)မှာ ပျှမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးလျက်ရှိကြောင်း၊ ယင်းသို့ ဆုံးရှုံးနေမှုများဖြစ်ပေါ်နေသည့်အတွက် လျှပ်စစ်သုံးစွဲလိုသည့် ပြည်သူများသို့ လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ခြင်းမရှိသည့်အပြင် နိုင်ငံတော်နှင့် ပြည်သူများ၏ ဘဏ္ဍာငွေများလည်း နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း ပါရှိသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုနှင့် လူတို့၏မသမာမှု များကြောင့် ဖြစ်ပေါ်နေသည့်ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာဆိုင်ရာဆုံးရှုံးမှုများကို နိုင်ငံတကာတွင် လက်ခံထားသည့် ပျောက်ဆုံးမှုရာခိုင်နှုန်း စံနှုန်းထားများအတိုင်း ရှိစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှုများဆောင်ရွက်ခြင်း၊ ဓာတ်အား လိုင်းနှင့် ထရန်စဖော်မာများကို ပုံမှန်ထိန်းသိမ်းခြင်း၊ Smart မီတာများတပ်ဆင်ခြင်းနှင့် လျှပ်စစ် ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်သည့်စနစ်များ အသုံးပြုခြင်းနည်းလမ်းများဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ လူတို့၏မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့်ဆုံးရှုံးမှုများကိုလည်း ဖော်ထုတ်၍ ဥပဒေ နှင့် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ထိရောက်စွာ ဟန့်တားအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် ကိုယ်တိုင်ပြုလုပ်လျက်ရှိသည့် မသမာမှုများအား ရပ်တန့်ခြင်း၊ အခြားသူများပြုလုပ်နေသည်ကို တွေ့ရှိရပါကလည်း တားဆီးခြင်း၊ တိကျစွာ သတင်းပေးတိုင်ကြားခြင်း၊ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျသုံးစွဲခြင်း နှင့် အကြံဉာဏ်များပေးခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။















