■ အာဂျင်တီးနားတွင် အွန်လိုင်းမှ ပစ္စည်းများ​ ရောင်းချနေသူတစ်ဦး၏နေအိမ်မှ နာဇီပစ္စည်းများကို သိမ်းဆည်းရမိ

■ အာဂျင်တီးနားတွင် အွန်လိုင်းမှ ပစ္စည်းများ​ ရောင်းချနေသူတစ်ဦး၏နေအိမ်မှ နာဇီပစ္စည်းများကို သိမ်းဆည်းရမိ
Published 11 June 2026

အာဂျင်တီးနားနိုင်ငံတွင် အင်တာနက်ပေါ်မှ ပစ္စည်းများ ရောင်းချနေသည့် အမျိုးသားတစ်ဦး၏ နေအိမ်မှ နာဇီစစ်ဝတ်စုံများ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ် ရဲတပ်ဖွဲ့က ဇွန် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က Facebook Marketplace တွင် အမေရိကန်စစ်တပ်၏ ကြယ်တံဆိပ်ပုံကို ပရိုဖိုင်အဖြစ် အသုံးပြုထားပြီး ဖာနန်ဒို မာတင်ဆန် ဆိုသည့်အမည်ဖြင့် စစ်ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကို ရောင်းချရန် တင်ထားသည့် ပို့စ်တစ်ခုကို တာဝန်ရှိသူများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် အာဏာပိုင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါအကောင့်ပိုင်ရှင်၏ အမည်ရင်းမှာ ဒီရေဂို ဖာနန်ဒို မာတီနက်ဇ် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့သည် တရားရုံးမှ ထုတ်ပေးသည့် ရှာဖွေဝရမ်းဖြင့် ဗျူနိုအေးရိစ်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ မာတီနက်ဇ်၏ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ နာဇီနှင့်ပတ်သက်သည့် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ယင်းပစ္စည်းများထဲအနက် အဒေါ့ဖ် ဟစ်တလာရေးသားခဲ့သည့် Mein Kampf စာအုပ်တစ်အုပ်နှင့် စကြာ အမှတ်တံဆိပ်ပါရှိသည့် ဓားမြှောင်များလည်း ပါဝင်သည်။

မာတီနက်ဇ်အနေဖြင့် မည်သည့်စွဲချက်များဖြင့် တရားစွဲဆိုခံရနိုင်သည်ကို ရဲတပ်ဖွဲ့က အသေးစိတ် ဖော်ပြထားခြင်း မရှိသော်လည်း အာဂျင်တီးနားနိုင်ငံ၏ ဥပဒေအရ လူမျိုးရေးအစွန်းရောက်ဝါဒဆိုင်ရာ အယူအဆများကို ပြန့်ပွားစေမည့် ဝါဒဖြန့်ပစ္စည်းများ ဖြန့်ချိခြင်းကို တားမြစ်ပိတ်ပင်ထားသည်။

Ref:Reuters

Photos- Reuters

Most Read

Most Recent