■ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစည်ပေါင်း သန်း ၁၀၀ ကျော်ဖြတ်သန်းနိုင်ရန် အမေရိကန်စစ်တပ်က လျှို့ဝှက်ကူညီပေးခဲ့ဟု ထရန့်ပြောကြား

■ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစည်ပေါင်း သန်း ၁၀၀ ကျော်ဖြတ်သန်းနိုင်ရန် အမေရိကန်စစ်တပ်က လျှို့ဝှက်ကူညီပေးခဲ့ဟု ထရန့်ပြောကြား
Published 11 June 2026

■ ဟော်မုဇ်ရေလက်ကြားအတွင်းရှိ မည်သည့်သင်္ဘောကိုမဆို ပစ်မှတ်ထားမည်ဟု အီရန် သတိပေး

အီရန်က ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံစည်ပေါင်း သန်း ၁၀၀ ကျော် ဖြတ်သန်းသယ်ဆောင်နိုင်ရန် အမေရိကန်စစ်တပ်က လျှို့ဝှက်ကူညီပေးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

"ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ့် ရေနံတင်သင်္ဘောတွေနဲ့ အခြားကုန်သွယ်ရေးသင်္ဘောတွေကို ကူညီစောင့်ရှောက်ဖို့ ပြီးခဲ့တဲ့လက ကျွန်တော်တို့ရဲ့ အမေရိကန်စစ်တပ်ကြီးကို လျှို့ဝှက်မစ်ရှင်တစ်ခု လုပ်ဆောင်ဖို့ ကျွန်တော် ညွှန်ကြားခဲ့ပါတယ်" ဟု သမ္မတ ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့ပြီး အမေရိကန်အနေဖြင့် အဆိုပါ ရေလမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ပြီဟုလည်း ဆိုသည်။

"ဒီနေ့မှာတော့ အဲဒီကြိုးပမ်းမှုကြောင့် ရေနံစည်ပေါင်း သန်း ၁၀၀ ကျော်ဟာ ရေလက်ကြားကို ဖြတ်သန်းပြီး လွတ်လပ်တဲ့ ဈေးကွက်ထဲကို အောင်အောင်မြင်မြင် ရောက်ရှိသွားပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါတယ်။ အဲဒီအထဲမှာ ကုန်သွယ်ရေးသင်္ဘောပေါင်း ၂၀၀ ကျော် ပါဝင်ပါတယ်" ဟု ထရန့်က ရေးသားခဲ့သည်။

အမေရိကန်သည် အဆိုပါ ရေလက်ကြားအတွင်း သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးမည့် Project Freedom အမည်ရှိ စစ်ဆင်ရေးတစ်ခုကို မေလအစောပိုင်းတွင် စတင်ခဲ့သော်လည်း စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများကြောင့် တစ်ရက်အကြာမှာပင် ယင်းစစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ကြောင်း ထရန့်က ရှင်းလင်းပြောကြားခဲ့သည်။

မေလနှောင်းပိုင်းတွင် အမေရိကန်မီဒီယာများက အဆိုပါသင်္ဘောစောင့်ရှောက်ရေး ကြိုးပမ်းမှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ကြသော်လည်း အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များကို တာဝန်ယူရသည့် အမေရိကန် ဗဟိုစစ်ဌာနချုပ်ကမူ ရေတပ်အနေဖြင့် ကုန်သွယ်ရေးသင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးခြင်း သို့မဟုတ် ကူညီပေးခြင်းများ ပြန်လည်လုပ်ဆောင်နေသည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ထိုအချိန်က တုံ့ပြန်ပြောကြားခဲ့သည်။

အီရန်ကမူ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် မည်သည့်သင်္ဘောကိုမဆို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြောကြားလိုက်သည်။

"ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ဘယ်လိုသင်္ဘောမျိုးမဆို ပစ်မှတ်ထား တိုက်ခိုက်ခံရမှာဖြစ်တယ်" ဟု အီရန်နိုင်ငံ၏ Khatam al-Anbiya စစ်ဌာနချုပ်က ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါ ရေလက်ကြားအား မည်သည့်သင်္ဘောအမျိုးအစားမဆို ဖြတ်သန်းသွားလာခွင့် လုံးဝပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။

အလားတူ အီရန်နိုင်ငံပိုင် IRIB ရုပ်သံလိုင်းနှင့် Mehr သတင်းဌာနတို့၏ ဖော်ပြချက်အရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်ကလည်း ဟော်မုဇ်ရေလက်ကြားကို တရားမဝင် ဖြတ်သန်းရန် ကြိုးပမ်းခဲ့သည့် သင်္ဘောနှစ်စင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

"ရန်သူအမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထပ်တလဲလဲ ချိုးဖောက်ခဲ့တာကြောင့် နောက်ထပ် အကြောင်းမကြားမချင်း ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမှာဖြစ်ပါတယ်" ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်တို့မှာ ကျောက်ချရပ်နားထားတဲ့ ဘယ်သင်္ဘောမဆို ထွက်ခွာခြင်းမပြုဖို့ သတိပေးပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ချဉ်းကပ်လာခြင်းဟာ ရန်သူနဲ့ ပူးပေါင်းဆောင်ရွက်တာလို့ သတ်မှတ်မှာဖြစ်ပါတယ်" ဟုလည်း ဆက်လက်သတိပေးထားသည်။

တစ်ချိန်တည်းမှာပင် ဇွန် ၉ ရက်က အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ရေဒါများနှင့် အခြားအခြေစိုက်စခန်းများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာဖြစ်သော ဟော်မုဇ်ရေလက်ကြားအနီး အီရန်နိုင်ငံတောင်ပိုင်းဒေသတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

■ Ref: AFP

Most Read

Most Recent