ရှမ်းပြည်နယ်လွှတ်တော် ဒုတိယရက်တွင် လွှတ်တော် ရေးရာ ကော်မတီ နှစ်ခု ထပ်မံ ဖွဲ့စည်း ခဲ့ကြောင်း သတင်း ရရှိသည်။
တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဒုတိယနေ့ ဇွန်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ကာ မေးခွန်းများကို မေးမြန်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယရက်တွင် အသစ် ထပ်မံ ဖွဲ့စည်းဆောင်ရွက်ခဲ့သော လွှတ်တော် ရေးရာ ကော်မတီ နှစ်ခုမှာ စီးပွားရေး နှင့် လူမှုရေးဆိုင်ရာ ကော်မတီ နှင့် တရားဥပဒေ စိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့် တိုင်ကြားစာများစိစစ်ရေး ကော်မတီ တို့ပင် ဖြစ်သည်။
ရှမ်းပြည်နယ်လွှတ်တော် ပထမရက်တွင် ရက်တွင်လည်း ရေးရာ ကော်မတီ ၂ ခုကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ ထိုကော်မတီများမှာ ရှမ်းပြည်နယ်လွှတ်တော် အတွက် ရှမ်းပြည်နယ်အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံများ စိစစ်ရေး ကော်မတီ နှင့် ရှမ်းပြည်နယ် လွှတ်တော် အတွက် စည်ပင်သာယာရေး၊ ဆောက်လုပ်ရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာ ကော်မတီ တို့ကို အဖွဲ့ဝင် (၁၀) ဦးစီ ဖြင့် အတည်ပြု ဖွဲ့စည်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
ပထမရက်တွင် တင်သွင်းခဲ့သော ရေးရာ ကော်မတီ နှစ်ခုတွင် ပါဝင်သော အဖွဲ့ဝင် ၁၀ ဦးစာရင်းကို ကန့်ကွက်သူ မရှိသဖြင့် ဒုတိယရက်တွင် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ကာ၊ ဒုတိယရက်တွင် တင်သွင်းခဲ့သော ရေးရာ ကော်မတီ ၂ ခုကို နောက်တစ်ရက်တွင် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တွင် တင်သွင်းခဲ့သော လွှတ်တော် ရေးရာ ကော်မတီ များမှာ (၁) ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ၊ (၂) တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ ၊ (၃) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ နှင့် (၄) ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်ရေး ကော်မတီ တို့ ဖြစ်သည်။















