မွန်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်ရန်ပုံငွေကျပ် သန်းပေါင်း ၇၆၃၄၁ ဒသမ ၁၉၃ လျားထားကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၉ ရက် နံနက်ပိုင်းအချိန်က မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်က မွန်ပြည်နယ်၏ ၂၀၂၆ - ၂၀၂၇ ခုဘဏ္ဍာရေးနှစ် စီမံကိန်း/လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ မေးခွန်း မေးမြန်ရာ၌ ပြည်နယ်ရန်ပုံငွေကျပ် သန်းပေါင်း ၇၆၃၄၁ ဒသမ ၁၉၃ လျာထားသည်ဟု သိရကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။
မွန်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန၊ ဥပဒေချုပ်ရုံး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့အတွက် ကျပ်သန်းပေါင်း ၇၆၃၄၁ ဒသမ ၁၉၃ လျားထားသည်ဟု သိရကြောင်း ဦးအောင်ထွဋ်၏ ပြောကြားချက်အရ သိရသည်။
၎င်းက ဆက်လက်ပြီး “အဆိုပါ လျာထားငွေထဲမှ လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇.၃.၂၀၂၂ ရက်စွဲပါ ညွန်ကြားချက်အမှတ် (၁/၂၀၂၂) အပိုဒ် ၂၆ ပါ ပြဋ္ဌာန်းချက်အရ “တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တင်ဒါလုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ်အစ နှစ်လအတွင်း တင်ဒါလုပ်ထုံးလုပ်နည်းများနှင့် အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ရမည်ဟု ဆိုထားသည့်အတွက် ယခုဘဏ္ဍာရေးနှစ် တတိယလရောက်ရှိလာပြီးဖြစ်သည့်အတွက် တင်ဒါလုပ်ငန်းစဉ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွန်ကြားချက် (၁/၂၀၂၂) အပိုဒ် ၂၆ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိရှိလိုပါသည်” ဟု ပြောကြားသည်။
အစိုးရသစ် အရှိန်ယူခါစဖြစ်၍ တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကျန်ရှိပါကလည်း ကျန်ရှိသည့်စာနှင့် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ မွန်ပြည်နယ်အတွင်း အခွန်အပြည့်အဝရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ၈.၅.၂၀၂၅ ရက်စွဲပါ ညွန်ကြားချက်နှင့်အညီ တင်ဒါရွေးချယ်ရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံကို သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် ထုတ်ပေးထားသည့် ပုံစံများ ဟုတ်/မဟုတ်၊ စိစစ်ခြင်းရှိ/မရှိ ဦးအောင်ထွဋ်က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၇.၃.၂၀၂၂ ရက်စွဲပါ ညွန်ကြားချက်အမှတ် (၁/၂၀၂၂) နှင့်အညီ တင်ဒါလုပ်ငန်းများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး နိုင်လယိတမက ဦးအောင်ထွဋ် မေးမြန်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး “တင်ဒါခေါ်ယူရေးကော်မတီ၊ ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီ စတဲ့ တင်ဒါကော်မတီ လေးရပ်ကို ဖွဲ့စည်းထားပြီး ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်း ညွန်ကြားချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။
တင်ဒါခေါ်ယူရာတွင် တင်ဒါစည်းကမ်းချက်ပါ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ကို ပူးတွဲတင်ပြစေ၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို ပြည်တွင်းအခွန်ဌာန၊ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပေးသည့်ပုံစံဟုတ်/မဟုတ် စိစစ်နိုင်ရန်အတွက် ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်လယိတမက ဆိုသည်။
ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်မှာ မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (ဇွန် ၉ ရက်) က မွန်ပြည်နယ်လွှတ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးဦးက မေးခွန်းငါးခု မေးမြန်းခဲ့ပြီး အဆိုနှစ်ခု တင်သွင်းခဲ့ကြောင်း သိရသည်။















