■ မော်တော်ယာဉ်အလိုက် ဆီပမာဏ သတ်မှတ်ရောင်းချပေးနေပြီးဖြစ်ရာ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒနှင့် ကိုက်ညီပြီးဖြစ်သဖြင့် စုံ/မစနစ်ကို ထပ်မံကန့်သတ်ခြင်းသည် ဆီချွေတာရေးထက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကိုပိုမိုခက်ခဲစေဟု ဆို
ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ် စုံ/မ စနစ် သတ်မှတ်ချက်အား ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ မရှိ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီမှ ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က မေးမြန်းခဲ့သည်။
ယနေ့ခေတ်အနေအထားအရ ပြည်ပနိုင်ငံများတွင် ဖြစ်ပွားနေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံအသီးသီးတွင် စက်သုံးဆီခြိုးခြံချွေတာရေး မူဝါဒများ ချမှတ်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတွင်လည်း မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။
စက်သုံးဆီ အရောင်းဆိုင်များတွင် မော်တော်ယာဉ်များအား QR ကုတ်ဖတ်သည့်စနစ်၊ အငှားယာဉ်၊ လုပ်ငန်းသုံးယာဉ်များအား အသုံးပြုမောင်းနှင်ခဲ့သည့် ကီလိုမှတ်သားခြင်းစနစ် စသည့်စနစ်များဖြင့် အသုံးပြု၍ မော်တော်ယာဉ် အင်ဂျင်ပါဝါအလိုက် သတ်မှတ်ပမာဏများဖြင့် ခွဲတမ်းရောင်းချပေးသည့်စနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့ရာ အထိုက်အလျောက် အောင်မြင်မှုများရရှိပြီး ယခုအခါတွင် စက်သုံးဆီ အသုံးပြုမှုများမှာလည်း တည်ငြိမ်မှုရှိလာနေပြီဖြစ်ကြောင်း၊ သို့သော်လည်း စက်သုံးဆီများ ခြိုးခြံချွေတာမှုကျင့်သုံးခဲ့သည့်စနစ်အရ မော်တော်ယာဉ်များ စုံ/မ နံပါတ်အလိုက်၊ နေ့အလိုက် ကန့်သတ်မောင်းနှင်ရသည့်စနစ်များအရ အလွှာစုံပြည်သူများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။
ဥပမာအားဖြင့် ကုန်စည်စီးဆင်းမှုများတွင်သော်လည်းကောင်း၊ ပြည်သူများ ခရီးသွားလာရာတွင် မော်တော်ယာဉ် စုံ/မစနစ် ကန့်သတ်မှုများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့်သော်လည်းကောင်း၊ မိဘပြည်သူ၊ မိသားစုများ ကျန်းမာရေး အခြားအရေးကြီးကိစ္စရပ်များ အသုံးပြုရန်ရှိ၍သော်လည်းကောင်း၊ လူမှုစီးပွားရေးနယ်ပယ်များတွင်သော်လည်းကောင်း၊ ကျောင်းဖွင့်ရက် မိဘများ မိမိတို့၏ ကလေးများကို ကျောင်း ကြို/ပို့ ပြုလုပ်ရာတွင်သော်လည်းကောင်း အဖက်ဖက်မှ မော်တော်ယာဉ် သုံးစွဲရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။
“QR ကုတ်ဖတ်သည့်စနစ် ကီလိုမှတ်သားသည့်စနစ်တို့ဖြင့် စက်သုံးဆီဝယ်ယူမှု ရောင်းချမှုများကို မသမာမှုနည်းလမ်းများ မဖြစ်ပေါ်စေရန် တားဆီးပြီးဖြစ်သည့်အပြင် မော်တော်ယာဉ်အလိုက် အမှန်တစ်ကယ်လိုအပ်နေသော စက်သုံးဆီပမာဏ သတ်မှတ်ထားသည့် အတိုင်းအတာများဖြင့် ရောင်းချပေးနေပြီးဖြစ်ရာ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒနှင့် ကိုက်ညီပြီးဖြစ်သဖြင့် လမ်းပေါ်တွင် စုံ/မစနစ်ကို ထပ်မံကန့်သတ်ထားခြင်းဖြင့် စက်သုံးဆီချွေတာရေးထက် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကိုပိုမိုခက်ခဲစေပါတယ်” ဟု ဦးသိန်းနိုင်က ပြောကြားသည်။
ယခုအခါ စက်သုံးဆီ တန်းစီဝယ်ယူမှုများမှာလည်း နည်းပါးသွားသည်ကို တွေ့ရှိရခြင်းကြောင့် စုံ/မစနစ် ကန့်သတ်မှုများကို ပယ်ဖျက်လိုက်ခြင်းဖြင့် ကုန်စည်များ လျင်မြန်စွာ စီးဆင်းစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုပါ များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချမှုအား ကန့်သတ်ချက်များထားရှိပြီးဖြစ်သည့်အပြင် လမ်းမများပေါ်တွင် စုံ/မ စနစ် ထပ်မံထားရှိမှုကြောင့် စက်သုံးဆီ ခြိုးခြံရေးချွေတာမှုအတွက် ထိန်းချုပ်မှုစနစ် နှစ်ထပ်ဖြစ်နေရကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် စုံ/မစနစ်ကို သုံးသပ်ရာတွင် စက်သုံးဆီ မည်မျှသက်သာသွားသည်ဆိုသော အချက်တစ်ခုတည်းကိုသာ ကြည့်၍မရဘဲ ထုတ်လုပ်နိုင်စွမ်းနှင့် စီးပွားရေးထိရောက်မှု မည်မျှထိခိုက်သွားသည်ဆိုသည့်အချက်ကိုပါ တွဲဖက်ကြည့်ရှုရန် လိုအပ်ကြောင်း ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။
“အများပြည်သူများ နေ့စဉ်သွားလာမှုလွယ်ကူစေရန်၊ ကုန်ကျစရိတ်သက်သာစေရန်၊ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေချောမွေ့မှသာ ကုန်ဈေနှုန်းကျဆင်းပြီး တည်ငြိမ်စေမည်ဖြစ်ရာ မော်တော်ယာဉ်များ စုံ/မ ကန့်သတ်ချက်များဖြင့် မောင်းနှင်မှုစနစ်အား အများပြည်သူ၏အကျိုးကို ကြည့်ရှုသောအားဖြင့် ပြန်လည်ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ မရှိ၊ အစီအစဉ်များရှိပါက မည်သည့်အချိန်ကာလတွင် ပယ်ဖျက်ပေးသွားမည်ကို သိရှိလိုပါတယ်။ အစီအစဉ်များ မရှိပါက အဘယ့်ကြောင့်ဖြစ်သည်ကို လွှတ်တော်ဥက္ကဋ္ဌကြီးထံမှတစ်ဆင့် မေးမြန်းအပ်ပါတယ်” ဟု ကျောက်တံတားမြို့နယ်မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောကြားသည်။
ထိုသို့ မေးမြန်းမှုအပေါ် မော်တော်ယာဉ်များ စုံ/မ ကန့်သတ်ချက်ဖြင့် မောင်းနှင်မှုသတ်မှတ်ချက်အား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်ဖြင့် ၂၀၂၆ ခုနှစ် မတ် ၃ ရက်နှင့် မတ် ၄ ရက်များတွင် နိုင်ငံတစ်ဝန်းလုံးသို့ စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်အသိပေးခဲ့ပြီးဖြစ်ပြီး ထပ်မံပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေး ကြေညာထားရှိမှုအား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြန်လည်ဖြေကြားအပ်ပါသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်က ပြောကြားသည်။















