ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းတွင် မိုးသည်းရွာပြီး မြေထိန်းနံရံ ပြိုကျခြင်းကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ဇွန်လ ၈ ရက်တွင် တန့်ယန်း အရန် မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။
တန့်ယန်းမြို့ ၊ အမှတ် (၆)ရပ်ကွက်၊ အုပ်စု (၅)ရှိ လူနေအိမ်တစ်လုံးပေါ်သို့ မြေထိန်းနံရံပြိုကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်များသွားရောက်ကာ ရှာဖွေကယ်ဆယ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း ၊ မြေထိန်းနံရံ ပြိုကျခြင်းကြောင့် အသက် (၄၉)နှစ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ တန့်ယန်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်တွင်လည်း မိုးကြီးခြင်းကြောင့် အုတ်တံတိုင်း ပြိုကျခြင်း များ ကြုံတွေ့နေရ ကြောင်း သိရသည်။ ဇွန်လ ၈ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းသဖြင့် တန့်ယန်းမြို့ ၊ အမှတ် (၅)ရပ်ကွက်၊ ရေလယ်ဘုရားကျောင်း အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားသဖြင့် တန့်ယန်းမြို့နယ် အရန်မီးသတ် တပ်ရင်းမှ တပ်ဖွဲ့ဝင်များသွားရောက်ကာ ရှာဖွေကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့















