ဇွန် ၈ ရက်တွင် ဖိလစ်ပိုင်တောင်ပိုင်း၌ မဂ္ဂနီကျု ၇ ဒမသ ၈ ရှိ မြေငလျင်လှုပ်သွားခဲ့သောကြောင့် အနည်းဆုံး တစ်ဦး သေဆုံးခဲ့ပြီး အဆောက်အအုံများ ပြိုကျခဲ့ကာဒေသတွင်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
မင်ဒါနာအိုကျွန်း၏ ဆာရန်ဂါနီကျွန်း အနောက်ဘက် ၂၄ မီတာခန့်ဝေးသော ကမ်းလွန်တွင် မြေငလျင် လှုပ်သွားခဲ့ပြီးနောက် မြေငလျင်သက်ရောက်ခဲ့သည့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူများ ကုန်း မြေအမြင့်ပိုင်းများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့ရှိ အာဏာပိုင်များက တိုက်တွန်းခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန(USGS)က ပြောကြားခဲ့သည်။
“လက်ရှိအချိန်ထိ တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အဲဒါဟာ ကနဦးရရှိတဲ့ သတင်းဖြစ်ပါတယ်” ဟု General Santos City ရဲတပ်ဖွဲ့၏ ဒုရဲအုပ် ရောဘတ်ဒါဂွန်က AFP ကို ပြော ကြားခဲ့သည်။
“အဆောက်အအုံ အတော်များများ ပြိုကျကုန်ပါတယ်။ အဆောက်အအုံအများအပြား ထိခိုက်ကုန်ပါတယ်။ ကျွန်တော်တို့ အခုကယ်ဆယ်ရေးလုပ်နေတာဖြစ်လို့ အဆောက်အအုံအရေအတွက်ကို မရေတွက်နိုင်ပါဘူး” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။
ယင်းပြည်နယ်၏ General Santos City ၌ နာမည်ကြီးအမြန်ရ အစားအစာရောင်းချရာ Jollibee စားသောက်ဆိုင်ရှိရာ စျေးဝယ်စင်တာ ပြိုကျပျက်စီးသွားသည်ကို Facebook တွင် တင်ထားသော ဗီဒီယိုများ တွင် တွေ့ရသည်။ အဆိုပါ ဗီဒီယိုများ မှန်ကန်မှုရှိသည်ဟု AFP သတင်းဌာနက အတည်ပြုထားသည်။
ပစိဖိတ် ဆူနာမီ သတိပေးစင်တာက ပြောကြားရာတွင် နောက်လာမည့် သုံးနာရီအတွင်းတွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။ အထူးသဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပါလောက်၊ ထိုင်ဝမ်၊ ပါပူအာ နယူးဂီနီတို့၏ ကမ်းရိုးတန်းများတစ်လျှောက် ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သည်ဟု ဆိုသည်။
USGS ၏ ထုတ်ပြန်ချက်အရ ပထမ မြေငလျင်လှုပ်ခဲ့ပြီးနောက် နှစ်နာရီခန့်အကြာတွင် ပြင်းအား ၆ ဒသမ ၁ ရှိသော မြေငလျင်သည် အဆိုပါဧရိယာတွင် လှုပ်သွားခဲ့သည်ဟု သိရသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က မင်ဒါနာအို၏ မြေငလျင်သက်ရောက်ရာနေရာများရှိ စာသင်ကျောင်းများကို ပိတ်ခိုင်းလိုက်ပြီး နယ်ခံများ ကုန်မြေအမြင့်ပိုုင်းများသို့ ချက်ချင်းပြောင်းရွှေ့ကြရန်လည်း တိုက်တွန်းထားသည်။
အင်ဒိုနီးရှား အမျိုးသားဘေးအန္တရာယ်အေဂျင်စီက မြောက်ဆူလာဝေဆီပြည်နယ် မြို့တော် မာနာဒို၊ ဂိုရွန်တာလိုပြည်နယ် မြောက်ပိုင်း၊ ဆန်ဂျီဟီကျွန်းတို့တွင် နေထိုင်သူများ ကုန်းမြေအမြင့်ပိုင်းများသို့ ချက်ချင်း ပြောင်းကြရန် တာဝန်ရှိသူများကို ညွှန်ကြားချက်ထုတ်ခဲ့သည်ဟု ဆိုသည်။
ဂျပန်ကလည်း နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းဒေသများတွင် ဆူနာမီအကြံပေးချက်ကို သီးခြားထုတ်ပြန်ခဲ့ သည်ဟု သိရသည်။ ဆူနာမီလှိုင်းသည် သုံးပေအမြင့်ရှိမည်ဟု ခန့်မှန်းထားပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဒေသအသီးသီးသို့ ရောက်လာနိုင်သည်ဟု ဆိုသည်။
Ref:AFP















