■ ဆွေးနွေးမှုများ မပြုလုပ်ပါက ယူကရိန်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်း ယူကရိန်းသမ္မတပြောကြား
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ဇွန် ၄ ရက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး လေးနှစ်ကျော်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ရန် ဖိတ်ကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဆွေးနွေးမှုများ မပြုလုပ်ပါက ယူကရိန်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် အသင့်ရှိကြောင်းလည်း သတိပေးခဲ့သည်။
ရုရှားသမ္မတပူတင်ထံ ပေးပို့သည့် အဆိုပါစာကို အမေရိကန်အပါအဝင် အခြားနိုင်ငံများထံသို့လည်း ပေးပို့ထားကြောင်း ယူကရိန်းသမ္မတရုံးက ပြောကြားခဲ့သည်။
အဆိုပါစာထဲတွင် ရုရှားပြည်သူအများစုသည် ယူကရိန်း၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများနှင့် စက်သုံးဆီပြတ်လပ်မှုဒဏ်များကို စိတ်ပျက်ငြီးငွေ့နေကြပြီဖြစ်ပြီး၊ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်နေကြပြီဟု ဇယ်လန်းစကီးက ရေးသားထားသည်။
အမေရိကန်အနေဖြင့် အီရန်ပဋိပက္ခအပေါ် အာရုံစိုက်နေချိန်တွင် ဥရောပတွင်ဖြစ်ပွားနေသည့်စစ်ပွဲကို အမေရိကန်၏ အာရုံစိုက်မှုပြန်လည်ရောက်ရှိလာမည့် အချိန်အထိ ထိုင်စောင့်နေခြင်းသည် မှားယွင်းကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေးဆီသို့ ဦးတည်မည့်လမ်းစသည် သံတမန်ရေးရာမှ စတင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယူကရိန်းအနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်ကာလအတွင်း အပစ်အခတ် ရပ်စဲရေးအပြည့်အဝ လုပ်ဆောင်သွားမည်ဟုလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။















