■ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့်အဆို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း

■ သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့်အဆို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်း
Published 2 June 2026

သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့်အဆို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၌ တင်သွင်းခဲ့သည်။

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး၊ ပထမနေ့ (ဇွန် ၂ ရက်) ၌ အင်္ဂပူမဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်က ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအတွင်း သဘာဝသယံဇာတများဖြစ်သည့် သစ်တော၊ သဲ၊ ကျောက်၊ တွင်းထွက် စသည်တို့ကို ထုတ်ယူသုံးစွဲရာတွင် စနစ်တကျစီမံခန့်ခွဲမှု မလုံလောက်သည့်အခြေအနေများကြောင့် သယံဇာတများ လျော့နည်းပျက်စီးခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်လာခြင်းနှင့် ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးမရရှိသည့် ပြဿနာများဖြစ်ပေါ်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းညှိနှိုင်းမှု မလုံလောက်ခြင်းနှင့် စောင့်ကြည့်ထိန်းကျောင်းမှု အားနည်းခြင်းတို့ကြောင့် မမှန်မကန်ထုတ်ယူသုံးစွဲမှုများ ဖြစ်ပေါ်နိုင်သည့်အခြေအနေများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်က အဆို၌ထည့်သွင်းတင်ပြခဲ့သည်။

 “သယံဇာတတွေ ပြုန်းတီးတယ်၊  စနစ်တကျကြီးကြပ်နိုင်စွမ်းမရှိတော့ လေလွင့်ပျက်စီးတယ်။ စနစ်တကျထုတ်လုပ်မှုမရှိတဲ့အတွက် ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေတာပေါ့။ အဲဒါကြောင့် ဌာနဆိုင်ရာတွေ၊ ပညာရှင်တွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်တွေ ပါဝင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့်ကြီးကြပ်သွားဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းဖြစ်ပါတယ်”ဟု အင်္ဂပူမဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင်က ဖြေကြားသည်။

မမှန်မကန် (သို့) စည်းကမ်းမလိုက်နာသော ထုတ်ယူသုံးစွဲမှုများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် စနစ်များ ချမှတ်ပေးရန်နှင့် ဒေသတွင်း သယံဇာတထုတ်ယူမှုမှရရှိသော အကျိုးအမြတ်အချိုးကျကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးရန်အချက်တို့ကိုလည်း အဆို၌ ထည့်သွင်းတိုက်တွန်းခဲ့ကြောင်း သိရသည်။

သယံဇာတထုတ်ယူမှုများနှင့်ပတ်သက်၍ “ဒီလိုပဲ ထုတ်သွားကြတာပေါ့။ ဒေသအတွက် အကျိုးဖြစ်ထွန်းလားဆို ပတ်ဝန်းကျင် ပျက်စီးသွားတာပဲ အဖတ်တင်တယ်။ ဒေသဖွံ့ဖြိုးရေး ပြန်လုပ်ပေးဖို့ပေါ့။ ရရှိလာတဲ့ ကုမ္ပဏီဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ဖြစ်ဖြစ်ပေါ့။ ဒေသကို အကျိုးပြုဖို့ပေါ့၊။ အဲဒါကိုလည်း အစိုးရကို တိုက်တွန်းခဲ့ပါတယ်”ဟု ဦးဇော်လင်းအောင်က ဖြေကြားသည်။

ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။ ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် အတည်ပြုခဲ့သည်။

 

Most Read

Most Recent