နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှုန်း တိုးတက်လာသည့်အတွက် လျှပ်စစ်ကဏ္ဍတွင် စီမံကိန်း ၁၇ ခု၊ စွမ်းအင်ကဏ္ဍတွင် စီမံကိန်း ၂၃ ခု ဆောင်ရွက်ရန် လျာထား

နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှုန်း တိုးတက်လာသည့်အတွက် လျှပ်စစ်ကဏ္ဍတွင် စီမံကိန်း ၁၇ ခု၊ စွမ်းအင်ကဏ္ဍတွင် စီမံကိန်း ၂၃ ခု ဆောင်ရွက်ရန် လျာထား
Published 28 May 2026

နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှုန်း တိုးတက်လာသည့်အတွက် လျှပ်စစ်ကဏ္ဍတွင် စီမံကိန်း ၁၇ ခု၊ စွမ်းအင်ကဏ္ဍတွင် စီမံကိန်း ၂၃ ခု ဆောင်ရွက်ရန် လျာထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထက်သျှန်ဖြိုးက ပြောကြားသည်။

မေ ၂၇ ရက်က MRTV တွင် ထုတ်လွင့်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက် Video မှတ်တမ်းတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်တဲ့ စီမံကိန်းလုပ်ငန်းနဲ့ပတ်သက်ပြီး ပြောကြားရမယ်ဆိုရင် လျှပ်စစ်ကဏ္ဍက စီမံကိန်းလုပ်ငန်း ၁၇ ခုနဲ့ စွမ်းအင်ကဏ္ဍက စီမံကိန်းလုပ်ငန်း ၂၃ ခု စုစုပေါင်းလုပ်ငန်းစီမံကိန်း ၄၀ ပါဝင်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နှစ်စဉ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာဆိုရင် လိုအပ်ချက်ရဲ့ တိုးတက်မှုနှုန်းဟာ ကိုးရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းရှိတဲ့အတွက် နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သာစည်မြို့နယ်မှာရှိတဲ့ သပြေဝဆိုလာစီမံကိန်း၊ နေပြည်တော်မှာရှိတဲ့ ရွှေမြို့ ဆိုလာစီမံကိန်းနဲ့ မြန်အောင်မှာရှိတဲ့ ကညင်ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အလားတူ Video မှတ်တမ်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကလည်း လုပ်လက်စစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးကြောင်း ပြောကြားသည်။

"စီမံကိန်းတွေမှာ လုပ်လက်စစီမံကိန်းတွေရှိတယ်။ အဲဒီလုပ်လက်စစီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ သက်‌ဆိုင်ရာ အဖွဲ့အစည်းတွေ လုပ်ငန်းရှင်တွေကို ကျွန်တော်တို့က တစ်ဦးချင်း တစ်ဖွဲ့ချင်း ခေါ်ယူဆွေးနွေးပြီးတော့ ဝန်ကြီးဌာနအနေနဲ့ ပံ့ပိုးသင့်တာ ပံ့ပိုးပါတယ်" ဟု ဝန်ကြီးက ပြောကြားသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသဖြင့် ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရသည့်အခြေအနေဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ သည့် စီမံကိန်းများအနက် အချို့သည် အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှု၊ ပယောဂများကြောင့် အကောင်အထည်ဖော်နိုင်ခဲ့ခြင်းမရှိဘဲ ပြည်သူလူထု လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်း ခန့်သာ ထုတ်လုပ်ပေးနိုင်လျက် ရှိကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူလူထု၏ သုံးစွဲလိုမှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဖြစ်ရာ ဝန်နှင့်အား မမျှတော့ဘဲ ရုန်းကန်နေရသည့်အခြေအနေဖြစ်ကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ခန့်ကို ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားခွဲရုံများတွင် ပြန်လည် အသုံးပြုရပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း ခန့်သည် ရှည်လျားစွာ သွယ်တန်းထားရသည့် မဟာဓာတ်အားလိုင်းကြီးများ တစ်လျှောက် အလိုအလျောက်ဆုံးရှုံးသွားသဖြင့် သုံးစွဲသူ ပြည်သူများထံသို့ ရောက်ရှိချိန်တွင် ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်း ခန့်သည် သဘောသဘာဝအရ လျော့နည်းနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent