ယခုနှစ် မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးချေးငွေအဖြစ် ကျပ် (၃၇) ဘီလီယံကျော်ထုတ်ချေးသွားမည်

ယခုနှစ် မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးချေးငွေအဖြစ် ကျပ် (၃၇) ဘီလီယံကျော်ထုတ်ချေးသွားမည်
Published 25 May 2026

ယခုနှစ် မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးချေးငွေအဖြစ် ကျပ် (၃၇) ဘီလီယံကျော် ထုတ်ချေးသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ် (၁၀) ခုရှိ ဘဏ်များက ကျေးရွာအုပ်စု (၃၂၇) အုပ်စုမှ တောင်သူ (၁၆၄၄၈) ဦးခန့်၏  မိုးစပါးစိုက်ဧက (၁၂၃၆၂၆) ဧကအတွက် ချေးငွ (၃၇.၀၈၇) ဘီလီယံ ထုတ်ချေးပေးရန် လျာ ထားကြောင်း မွန်ပြည်နယ် မြန်မ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်မိုးမိုးလွင် ကပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို မေလ (၁၂) ရက်နေ့က စတင်ပြီးတော့ ထုတ်ချေးခဲ့ရာက ပြီးခဲ့တဲ့ မေလ (၂၀) ရက်န့အထိကို ခရိုင်၊ မြို့နယ် ဘဏ်ခွဲ (၁၀) ဘဏ်ကနေ ကျေးရွာအုပ်စု (၁၂၈) အုပ်စုမှ တောင်သူ (၃၂၀၀) ဦးအတွက် မိုးစပါးစိုက်ဧက (၂၂၀၅၆) ဧကအတွက် ချေးငွေ (၆၆၁၆.၈၀) ကျပ်သန်း ထုတ်ချေးပေးပြီးဖြစ်ပါတယ်။ ချေးငွေကိုတော့ မေလ (၁၂) ရက်နေ့ကနေ  စက်တင်ဘလကုန်အထိ ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်ဟု ပြောကြားသည်။

ယခုနှစ်ကစလို့ မိုးစပါး တစ်ဧကကို ကျပ် (၃) သိန်းနှုန်းနဲ့ အများဆုံး (၁၀) ဧကအထိ ကျပ်သိန်း (၃၀) အထိ ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပါတယ်။ ယခင်နှစ်တွေက တစ်ဧကကို တစ်သိန်းငါးသောင်း ကျပ်နှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာက ယခုနှစ်မှာတော့ သုံးသိန်းအထိ တိုးမြှင့်ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် အများဆုံး (၁၀) ဧကအထိ ကျပ်သိန်း (၃၀) အထိ ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးပေးလျက်ရှိပါကြောင်း ၎င်းကဆိုသည်။

ချေးငွေအတိုးနှုန်းကတော့ ကျပ် (၁၀၀) ကို တစ်နှစ် (၅) ရာခိုင်နှုန်းနဲ့ တစ်လကို (၄၂) ပြားအတိုးနှုန်းပဲ ကျသင့်မှာဖြစ်ပါတယ်။ ချေးငွေပြန်လည်ပေးဆပ်ရမယ့် နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားပါကလည်း ကျော်လွန်ကာလအတွက် ဒဏ်တိုးအနေနဲ့ကျပ်ငွေ (၁၀၀) ကို တစ်လပြား (၅၀) ကျသင့်မှာဖြစ်ပါတယ်ဟု ၎င်းက ဆက်ပြောသည်။

မိုးစပါးချေးငွေရယူကြမည့် တောင်သူများအနေဖြင့် ဘဏ်ကို ကိုယ်တိုင်လာရောက်ရမည်ဖြစ်ကြောင်း၊ ဘဏ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇)  မူရင်းကို အာမခံအဖြစ် အပ်နှံထားရမှာဖြစ်ကြောင်း၊ သီးနှံပေါ်ချိန်တွင်လည်း မိုးစပါးချေးငွေအား ကိုယ်တိုင်လာရောက်ပေးဆပ်ကြရမည်ဖြစ်ကြောင်းနှင့် ကျေးရွာတိုင်းတွင်လည်း “ချေးငွေစိစစ်ရေးအဖွဲ့များဖွဲ့စည်းတာဝန် ပေးအပ်ထားသည့်အတွက် ထိုအဖွဲ့များမှ တောင်သူများ ချေးငွေထုတ်ချေးနိုင်ရေးအတွက်ကို လိုအပ်သည့် ချေးငွေစာချုပ်အမှုတွဲ ထောက်ခံချက်များကို ပြည့်စုံအောင် ဆောင်ရွက်တင်ပြပေးသွားမှာဖြစ်ကြောင်းလည်း ဒေါ်မိုးမိုးလွင်၏ ပြောကြားချက်များအရ သိရသည်။

တောင်သူတွေနေနဲ့ အလွန်သက်သာတဲ့အတိုးနှုန်းနဲ့ မနှစ်ကထက် နှစ်ဆတိုးမြှင့်ထုတ်ချေးပေးတဲ့  ချေးငွေ ချေးယူခွင့်ရရှိကြတဲ့အတွက် တောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်မှာ လိုအပ်တဲ့ သွင်းအားစုတွေ ဝယ်ယူထည့်သွင်းနိုင်ဖို့ အရင်းအနှီးအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘဏ်ကထုတ်ချေးပေးလိုကတဲ့ ချေးငွေတွေကိုလည်း တောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းခွင်မှာ အကျိုးရှိရှိအသုံးချကြဖို့ကိုလည်း တိုက်တွန်းလွန်ပါတယ်ဟု ဒေါ်မိုးမိုးလွင်က ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်အတွင်း နှစ်စဉ်မိုးစပါးစိုက်ပျိုးဧက (၇) သိန်းနီးပါးရှိကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။

ပုံစာ - မွန်ပြည်နယ်အ‌တွင်း မိုးစပါး ချေးငွေအား အခမ်းအနားများဖြင့် ပေးအပ်နေကြစဉ်။

Most Read

Most Recent