အီရန်နှင့် စစ်ပွဲဖြစ်ပွားနေသောကြောင့် အချိန်အခါကောင်းမဟုတ်သော်လည်း သားဖြစ်သူ၏ မင်္ဂလာဆောင်ကို တက်ရောက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်၏ အကြီးဆုံးသားဖြစ်သည့် အသက် ၄၈ နှစ်အရွယ်ရှိ ဒေါ်နယ်ထရန့် ဂျူနီယာသည် ယခုသီတင်းပတ်ကုန်တွင် ဘဟားမားစ်ကျွန်း၌ ဘက်တီးနားအန်ဒါဆန်နှင့် မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် တစ်ချိန်တည်းမှာပင် သမ္မတထရန့်အနေဖြင့် ပြည်သူလူထု၏ ထောက်ခံမှုမရရှိဘဲ ၎င်း၏ လူထုစစ်တမ်းအဆင့်သတ်မှတ်ချက်များကို ကျဆင်းစေခဲ့သည့်အပြင် လာမည့် နိုဝင်ဘာလ သက်တမ်းဝက်ရွေး ကောက်ပွဲမတိုင်မီ လူနေမှုစရိတ်ကြီးမြင့်မှုအပေါ် မဲဆန္ဒရှင်များ၏ ဒေါသကို ဆွပေးခဲ့သော အီရန်နှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ခုရရှိရေးအတွက် အသည်းအသန် ကြိုးပမ်းဆောင် ရွက်နေရသည်။
“သူကတော့ ကျွန်တော့်ကို လာစေချင်တာပေါ့။ ဒါက သီးသန့်ကျင်းပမယ့် မင်္ဂလာပွဲလေးတစ်ခုပဲ ဖြစ်မှာမို့ ကျွန်တော်လည်း အရောက်သွားနိုင်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော်ကတော့ ဒါဟာ ငါ့အတွက် အချိန် အခါကောင်းတော့မဟုတ်ဘူး။ ငါ့မှာ အီရန် အရေးနဲ့ တခြားအလုပ်တွေ ရှိနေသေးတယ်လို့ သူ့ကို ပြောထားပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
ထရန့်သည် ဘဲဥပုံရုံးခန်း၌ ၎င်း၏သားဖြစ်သူ မင်္ဂလာပွဲသို့ တက်ရောက်မည်ဟုတ်၊ မဟုတ် မေးမြန်းသည့် သတင်းထောက်များကို ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မတိုးသာမဆုတ်သာ ဖြစ်နေသည့် စစ်ပွဲကြီးအတွင်း မိမိအနေဖြင့် သားဖြစ် သူ၏ မင်္ဂလာပွဲသို့ တက်ရောက်မည်ဆိုပါက မီဒီယာများဘက်မှ မည်ကဲ့သို့ဝေဖန် ရေးသားကြမည်ကိုလည်း သတိပြုမိကြောင်း ထရမ့်က ပြောကြားခဲ့သည်။
“ဒါက ကျွန်တော့်အတွက် ဘယ်လိုမှ အမြတ်မထွက်နိုင်တဲ့ ကိစ္စပဲ။ မင်္ဂလာဆောင် တက်ရင်လည်း အပြောခံရမယ်၊ မတက်ရင်လည်း အပြောခံရမှာပဲ။ အဓိကကတော့ အကွက်ဆင်တတ်တဲ့ သတင်းတု သတင်းမှား တွေဆီကပေါ့” ဟု ထရန့်က ပြောကြားခဲ့သည်။
ဒွန် ဂျူနီယာဟု လူသိများသည့် ထရန့်၏ သားဖြစ်သူသည် မိသားစုပိုင် ဇိမ်ခံအိမ်ခြံမြေ လုပ်ငန်းစုကြီးဖြစ်သော The Trump Organization တွင် အမှုဆောင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး၊ ဖခင်ဖြစ်သူ၏ နိုင်ငံရေးအစီအစဉ်များကို အခိုင်အမာထောက်ခံ အားပေးသူတစ်ဦးလည်းဖြစ်သည်။
သူ့ကို ထရန့်နှင့်အတူ အမြဲလိုလို တွဲဖက် တွေ့မြင်ရလေ့ရှိပြီး၊ ယခုလအစောပိုင်းက ဖလော်ရီဒါပြည်နယ်ရှိ ထရန့်၏ Mara Lago စံအိမ်မှ အိမ်ဖြူတော်သို့ အတူတကွ ပြန်လည်ရောက်ရှိလာစဉ်ကလည်း အတူရှိ နေခဲ့သည်။
ဒွန် ဂျူနီယာက သူသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့ဖူးသည်။















