အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက မိိမိဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဘုရင်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
စပိန်နည်းပြ အူနိုင်းအမ်မရီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကလပ်အသင်းနှစ်သင်းနဲ့အတူ ချန်ပီယံဆု (၄)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးနည်းပြဖြစ်ပြီး ဗိုလ်လုပွဲကိုလည်း အသင်း(၄)သင်းနဲ့အတူ (၆)ကြိမ်တက်ရောက်ထားတာကြောင့် ယူရိုပါလိဂ်ဘုရင်လို့ တင်စားသတ်မှတ်ထားကြတာပါ။
အူနိုင်းအမ်မရီဟာ ဒီနေ့ညမှာ နည်းပြဘဝတစ်လျှောက် ဆဋ္ဌမမြောက် ယူရိုပါလိဂ်ဗိုလ်လုပွဲ ဆင်နွှဲရမှာဖြစ်ပြီး အဲဒီပွဲအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ပွဲရဲ့ ဘုရင်မဟုတ်ကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်ပါတယ်။
''ကျွန်တော်က ဒီပြိုင်ပွဲရဲ့ ဘုရင်တစ်ပါး မဟုတ်ပါဘူး။ ကျွန်တော်က အခု အက်စတွန်ဗီလာအသင်းနဲ့အတူ အခန်းကဏ္ဍသစ်မှာ ရှိနေပြီး အရာအားလုံးက ကျွန်တော်လုပ်ဆောင်ပြီးခဲ့တာတွေပါ။ ကျွန်တော် အက်စတွန်ဗီလာအသင်းနဲ့ အောင်ပွဲမရသေးပါဘူး။ ဒီကစားသမားတွေနဲ့အတူ၊ အက်စတွန်ဗီလာအသင်းနဲ့အတူ အောင်ပွဲရယူဖို့ လိုနေပါသေးတယ်'' လို့ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁း၃၀ နာရီမှာ ဂျာမန်ကလပ် ဖရိုင်းဘတ်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်စတွန်ဗီလာအသင်းက ချန်ပီယံဆုရရှိဖို့ ပိုမိုရေပန်းစားနေကြောင်း သိရပါတယ်။
အူနိုင်းအမ်မရီဟာ အရင်က ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့ (၅)ကြိမ်မှာ အာဆင်နယ်ကို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၉ တစ်ကြိမ်သာ ဆုဖလားနဲ့ လွဲချော်ခဲ့ကြောင်းလည်း သိရပါတယ်။















