ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံဦးကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံ မြဝတီဘက်သို့ မေ ၁၈ ရက် နံနက် ၁၀ နာရီခန့်က လွှဲပြောင်းအပ်နှင်းရာ တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့ပိုင် ရဲတပ်ဖွဲ့နှင့် မဲဆောက်ခရိုင် လဝကတို့သည် ဌာနဆိုင်ရာအာဏပိုင်များနှင့် ပူးပေါင်းပြီး လူကုန်ကူးခံထားရသူ မြန်မာနိုင်ငံသားသုံးဦးကို မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ကို မြန်မာဘက်မှ တာဝန်ရှိသူများက ခေါ်ဆောင်သွားပြီး နေရပ်ဒေသပြန်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ စိတ်ဓာတ်မြင့်တင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေလိုအပ်ချက်များကို မြန်မာနိုင်ငံ လူမှုဝန်ထမ်းအပြင် သက်ရာဌာများမှ ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံအတွင် လူကုန်ကူးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြားရှိနေသော်လည်း အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေ ထိုင်းနိုင်ငံဘက်ကို လာရောက်အလုပ်လုပ်ကြသည့်သူ အများအပြားရှိနေဆဲဖြစ်သည်ဟု သိရသည်။
ထို့အပြင် ထိုင်းလူမျိုးများမှာလည်း မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မြို့နယ် နေရာအချို့တွင်လည်း လူကုန်ကူးခံရသော ပြဿနာများလည်း ရှိနေသည်ဟု ဆိုသည်။
အဆိုပါလူကုန်ကူးခံရသူ မြန်မာနိုင်ငံသားသုံးဦး ပြန်လည်ပို့ဆောင်ရေးအခမ်းအနားသို့ မဲဆောက်မြို့၊ တပ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးရဲမှူး ရဲမှူး ချင်းကော့ အဆက်ဖူမွမ်း၏ ညွှန်ကြားချက်အရ လူကုန်ကူးမှုတိုက်ဖျက်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ဘဝတည်ငြိမ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Photo: CJ















