PDF အပါအဝင် အဖွဲ့စည်းအသီးသီးမှ အဖွဲ့ဝင် ၃၁၂ ဦး လက်နက်များနှင့်အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်ခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပွဲအခမ်းအနားကို မေ ၁၉ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အလင်းဝင်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ရာ အမျိုးသား ၂၇၇ ဦးနှင့် အမျိုးသမီး ၃၅ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အလင်းဝင်လာကြသူများကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဆုကြေးငွေထောက်ပံ့ခြင်းနှင့် အမှာစကားပြောကြားခြင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဌေးက အလင်းဝင်ရောက်လာသူများ၏ လက်နက်အပ်နှံခြင်းကို လက်ခံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
" ဒီကနေ့မှာဆိုရင် နိုင်ငံတော်အစိုးရရဲ့ဖြေလျှော့ပေးမှုနှင့်အတူ နိုင်ငံတော်ရဲ့စေတနာကို နားလည်ကာ အမြင်မှန်ရလာပြီး နိုင်ငံတော်ဖွံ့ဖြိုးမှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပူးပေါင်းပါဝင်လိုကြတဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းအသီးသီးတို့မှ လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာသူ ၂၂ ဦးနဲ့ လက်နက်မပါ အလင်းဝင်ရောက်လာသူ ၂၉၀၊ စုစုပေါင်း ၃၁၂ ဦးတို့ကို တိုင်းစစ်ဌာနချုပ်အနေနဲ့ ကြိုဆိုလက်ခံပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းကာ ဆုကြေးငွေများ အသီးသီးအပါအဝင် ယနေ့အချိန်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အလင်းဝင်ရောက်လာသူ ၂၀၂၁ ဦး ရှိပြီဖြစ်ကြောင်း သိရတဲ့အတွက် ဝင်ရောက်လာမှုကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်" ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားခဲ့သည်။
မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်၊ မတ္တရာ၊ သပိတ်ကျင်း၊ မိုးမိတ်၊ မြင်းခြံ၊ ညောင်ဦး၊ တောင်သာ ၊ ချောက်၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စလင်း၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပခုက္ကူ၊ ပဒါန်း၊ ငဖဲ စသည့်မြို့နယ်တို့မှ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတို့မှ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ MA1 သေနတ် ၄ လက်၊ MA2 သေနတ် ၁ လက်၊ MA3 သေနတ် ၃ လက်၊ M22 သေနတ် ၁ လက်၊ KA-25 သေနတ် ၁ လက်၊ Type 81 သေနတ်၂ လက်၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂ လက်၊ ကျည်အိမ်မျိုးစုံ ၂၃ ခု၊ ကျည်မျိုးစုံ ၇၈၁ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ ခု၊ ဗုံးသီး ၂ လုံး စသည်တို့ ယူဆောင်လာခဲ့ပြီး အပ်နှံခဲ့ကြောင်း သိရသည်။















