အမေရိကန် လေကြောင်းပြပွဲတစ်ခုအတွင်း သရုပ်ပြပျံသန်းနေသည့် တိုက်လေယာဉ် နှစ်စင်း ဝေဟင်၌ အချင်းချင်း တိုက်မိခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်မိရာတွင် လေယာဉ်အမှုထမ်း လေးဦးစလုံးမှာ အရေးပေါ် ထိုင်ခုံဖြင့် ခုန်ထွက်နိုင်ခဲ့ပြီး စိုးရိမ်စရာမရှိဘဲ တည်ငြိမ်သော အခြေအနေတွင်ရှိနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လေကြောင်းပြပွဲတွင် သရုပ်ပြပျံသန်းနေချိန် တိုက်မိခဲ့သည့် အမေရိကန်ရေတပ်ပိုင် EA18-G အမျိုးအစား တိုက်လေယာဉ်များပေါ်မှ လေယာဉ်အမှုထမ်းအားလုံးသည် လေယာဉ်ပေါ်မှ ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကြကြောင်း အမေရိကန်ရေတပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် အိုင်ဒါဟို ပြည်နယ်ရှိ Mountain Home လေတပ်စခန်း၏ အနောက်မြောက်ဘက် ၂ မိုင် (၃ ဒသမ ၂ ကီလိုမီတာ) အကွာ၌ မေ ၁၇ ရက်က ကျင်းပခဲ့သည့် Gunfighter Skies လေကြောင်းပြပွဲ၏ နောက်ဆုံးနေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လေတပ်စခန်းကိုလည်း ယာယီပိတ်ထားခဲ့ရကာ ကျန်ရှိသည့် လေကြောင်းပြပွဲ အစီအစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ လက်ရှိတွင် ယင်းမတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။















