ထိုင်းနိုင်ငံ ဥထိုင်ဌာနာခရိုင် နောင်ကျန်နင်မြို့နယ်တွင် မေ ၁၅ရက်က သက်ဆိုင်ရာ၏ စစ်ဆေးမှုမခံဘဲ ရှောင်တိမ်းမောင်းနှင်ရာမှ ရဲကားတစ်စီးအား ဝင်တိုက်မိပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဥထိုင်ဌာနီခရိုင် နောင်ကျန်နင်မြို့နယ် လမ်းမတွင် မေ ၁၅ ရက် နံနက် ၃းဝ၀ နာရီခန့်က အရှိန်မြင့်စွာ မောင်းနင်လာသည့် ယာဉ်အား တွေ့ရှိသဖြင့် တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးရန် မီးအချက်ပြသော်လည်း စစ်ဆေးမခံဘဲ ချက်ချင်းလမ်းကြောင်းပြောင်းကာ မောင်းနှင်ထွက်ပြေးရာမှ ရဲကားတစ်စီးကို တိုက်မိခဲ့ခြင်း ဖြစ်သည်။
အဆိုပါကားအား သက်ဆိုင်ရာမှစစ်ဆေးရာ ကားအတွင်း၌ အထောက်အထားတစ်စုံတစ်ရာ မပြနိုင်သည့် မြန်မာအလုပ်သမား ၁၅ ဦးနှင့် ထိုင်းကားသမားတို့ကိုတွေ့ရှိ ဖမ်းဆီးခဲ့သည်။
ထိုင်းယာဉ်မောင်းသည် မြန်မာလုပ်သားများအား ကမ်ဖယ်ဖေ့စ်ခရိုင်မှ တစ်ဦးလျှင် ဘတ် ၁၀၀၀ ဖြင့် ဥထိုင်ဌာနီခရိုင် ဘန့်ရိုင့်မြို့နယ်သို့ ပို့ဆောင်မည်ဖြစ်ပြီး ယင်းမြန်မာလုပ်သားများမှာ ချင်းရိုင်ခရိုင်မှ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။
ထို့အတူ မေ ၁၅ ရက်က မြန်မာ-ထိုင်း နယ်စပ် တာခ်ခရိုင် ဝမ်ကျောက်မြို့နယ် ဘန့်ထာ့ထောင်ဒယ်န် နယ်မြေတွင် ရပ်ထားသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို အာဏာပိုင်အဖွဲ့များက တွေ့ရှိခဲ့ပြီး သွားရောက်စစ်ဆေးရာ မည်သည့်အထောက်အထားမှမရှိသည့် မြန်မာအလုပ်သမား ၁၄ ဦး တွေ့ရှိဖမ်းဆီခံရကြောင်း သိရသည်။
ဖမ်းဆီခံမြန်မာနိုင်ငံသား အမျိုးသား ၁ဝဦး၊ အမျိုးသမီး (၄)ဦး တို့သည် ပွဲစားခတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ ထိ ပေးပြီး ဘန်ကောက်နှင့် စမွတ်ပရာကန်ခရိုင်တို့တွင် သွားရောက်အလုပ်လုပ်ကိုင်မည်သူများဖြစ်ကြောင်း သိရသည်။
တစ်နေ့တည်း နေရာနှစ်ခုတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၉ဦးနှင့် ထိုင်းနိုင်သား ယာဉ်မောင်းတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်စွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo- LHT















