ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် အလွန်ကောင်းမွန်သည့် ကုန်သွယ်ရေး သဘောတူညီချက်များ ရရှိခဲ့ကြောင်း ၎င်း၏ ပေကျင်းခရီးစဉ် နောက်ဆုံးနေ့ဖြစ်သည့် မေ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
"ဒီတွေ့ဆုံမှုကနေ ရလဒ်ကောင်းတွေ အများကြီး ထွက်ပေါ်လာပါတယ်။ နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမယ့် ထူးခြားတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တချို့ကို ကျွန်တော်တို့ ချုပ်ဆိုနိုင်ခဲ့ကြတယ်" ဟု ပေကျင်းမြို့ရှိ Forbidden City ကန့်သတ်နယ်မြေနှင့် ကပ်လျက် တရုတ်ဗဟိုခေါင်းဆောင်များ ရုံးစိုက်ရာ ကျုန်းနန်ဟိုင် ဥယျာဉ်တော်အတွင်း လမ်းလျှောက်ကြည့်ရှုစဉ် ထရန့်က ပြောဆိုခဲ့သည်။
ကျုန်းနန်ဟိုင်တွေ့ဆုံမှုတွင် ထရန့်က ‘အခြားသူတွေသာဆိုရင် ပြေလည်အောင် ဖြေရှင်းနိုင်မှာမဟုတ်တဲ့ ပြဿနာရပ်တော်တော်များများကို ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့ပြီ’ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ရေးကိစ္စ အသေးစိတ်ကို ထရန့်က မပြောသော်လည်း Fox News နှင့် အင်တာဗျူးတွင် Boeing လေယာဉ်အစီးရေ ၂၀၀ ကို တရုတ်ကဝယ်မည်ဆိုသည့် အဓိကသဘောတူညီချက်တစ်ခု ပါဝင်ကြောင်း ၊ အမေရိကန်ရေနံနှင့် ပဲပုပ်များကိုဝယ်ယူရန် တရုတ်က စိတ်ဝင်စားကြောင်းလည်း ထရန့်ကဆိုသည်။
အီရန်နှင့် တရုတ်(တိုင်ပေ)အရေးတို့တွင် နှစ်နိုင်ငံ သဘောထားကွဲမှုများ ရှိနေဆဲဖြစ်သည်။ သို့သော် တရုတ်က အီရန်ကို စစ်ရေးဖြင့်ကူညီရန် ပြင်ဆင်နေခြင်း မရှိကြောင်း ရှီက အာမခံချက်ပေးခဲ့သည်ဟု ထရန့်က Fox News ကိုပြောကြားခဲ့သည်။ "ရှီက ဟော်မုဇ်ရေလက်ကြား ဖွင့်တာကို မြင်ချင်တာပါ။ တစ်ကယ်လို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူကူညီနိုင်မယ်ဆိုရင် ကူညီပေးချင်တယ်ပြောတယ်" ဟုလည်း ထရန့်ကဆိုသည်။
ရှီကျင်းပင်ကလည်း နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် မဟာဗျူဟာမြောက် တည်တည်ငြိမ်ငြိမ် ဆက်ဆံရေးသစ်တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားကာ အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဉ်အတွက် မျိုးစေ့များကို ထရန့်ထံပို့ပေးမည်ဟု ဆိုခဲ့သည်။
Ref: CNA
Photos: AFP/ Reuters/ AP















