ဟင်္သာတမြို့၌ စည်ကားသည့် ဟိန္ဒူဘာသာရေးပွဲတော် စတင်ကျင်းပ

ဟင်္သာတမြို့၌ စည်ကားသည့် ဟိန္ဒူဘာသာရေးပွဲတော် စတင်ကျင်းပ
Published 15 May 2026

ဟင်္သာတမြို့၌ စည်ကားသည့် ဟိန္ဒူဘာသာရေးပွဲတော် မေလ(၁၅)ရက်တွင် စတင်ကျင်းပပြီဖြစ်ကြောင်း သိရသည်။

 အဆိုပါပွဲတော်ကို ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ စရီပသ်ရဲ ကာလီယမ္မာန်မယ်တော်ကြီးဘုရားကျောင်း၌ သုံးရက်ကြာ ကျင်းပရန် ရှိနေခြင်းဖြစ်သည်။

 မေလ (၁၅)ရက် နံနက်ပိုင်း၌ မီးဟုမ်းပူဇော်ပွဲကျင်းပခဲ့ပြီး သာသနာ့အလံတင်အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ ထို့နောက် နေ့လည်ပိုင်း သက်သတ်လွတ်စတုဒီသာထမင်းစတုဒီသာကျွေးမွေးလှူဒါန်းခြင်း၊ ညနေပိုင်း၌ မဟာလက်ချမီးဆီမီးပူဇော်ပွဲကျင်းပခြင်း၊ သက်သတ်လွတ်စတုဒီသာထမင်းကျွေးမွေးလှူဒါန်းခြင်းတို့ ဆောင်ရွက်မည်ဖြစ်သည်။

မေလ(၁၆)ရက်၌ စရီပသ်ရဲ ကာလီယမ္မာန်မယ်တော်ကြီး ဟင်္သာတမြို့တွင်း အပူဇော်ခံလှည့်လည်မည်ဖြစ်ပြီး နေ့လည်ပိုင်း၌ မြစ်ကွေ့ကျောင်းလမ်းရှိ စရီစူဠာမဏိဘုရားကျောင်းတွင် နေ့လည်စာသက်သတ်လွတ်စတုဒီသာထမင်း၊ ညနေပိုင်း၌ မယ်တော်ကြီးကျောင်းတွင် ညစာသက်သတ်လွတ်စတုဒီသာထမင်း ကျွေးမွေးလှူဒါန်းမည်ဖြစ်သည်။

မေ(၁၇)ရက် နံနက်ပိုင်း၌ပူဇော်ပွဲအခမ်းအနားကျင်းပရန်ရှိပြီး နေ့လည်ပိုင်း၌ သက်သတ်လွတ်စတုဒီသာ ထမင်းကျွေးမွေး လှူဒါန်းခြင်း၊ နံနက်(၉)နာရီမှ ညနေ(၃)နာရီထိ ရိုးရာတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ ညနေပိုင်း၌ မီးနင်းပွဲတော်ကျင်းပခြင်း၊ ညစာသက်သတ်လွတ်စတုဒီသာကျွေးမွေးလှူဒါန်းခြင်း၊ ညနေ(၆)နာရီအချိန်မှစပြီး ရိုးရာတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်းတို့ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အောင်ကျော်မျိုး(ဟင်္သာတ)

Most Read

Most Recent