ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လေ့တီကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့ပါတယ်။
ထိပ်တန်းကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့တဲ့ အီတလီလူမျိုး အန်ဆယ်လော့တီက ဘရာဇီးလ်လက်ရွေးစင်အသင်းကို ၂၀၂၅ မေလမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး မူလစာချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိသာဖြစ်ကြောင်း သိရပါတယ်။
ဒီအတွက် ဘရာဇီးလ်အဖွဲ့ချုပ်က အန်ဆယ်လော့တီကို တစ်နှစ်လစာ ယူရို(၁၀)သန်း ပေးချေပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ရယူနိုင်ခဲ့ရင် အပိုဆုကြေး ယူရို(၅)သန်း ပေးအပ်ဖို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာချိန်မှာတော့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကာလရှည်လက်တွဲသွားဖို့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။
''လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော် ဘရာဇီးလ်ကို ရောက်ခဲ့ပါတယ်။ ပထမဆုံးမိနစ်မှာကတည်းက ဒီနိုင်ငံအတွက် ဘောလုံးဟာ ဘယ်လိုအဓိပ္ပာယ်သက်ရောက်သလဲဆိုတာ ကျွန်တော် နားလည်ခဲ့ပါတယ်။ တစ်နှစ်အကြာမှာ ကျွန်တော်တို့ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကမ္ဘာ့ထိပ်ဆုံးနေရာ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ CBF နဲ့ ကျွန်တော်တို့ ပိုပြီးအလိုရှိပါတယ်။ အောင်ပွဲတွေ၊ အချိန်တွေ၊ အလုပ်တွေပါ။ ကျွန်တော့်ကို ယုံကြည်ပေးတဲ့အတွက်လည်း CBF ကို ကျေးဇူးတင်ပါတယ်'' လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
CBF ဥက္ကဋ္ဌ ဆာမီယာရှောက်ဒ်ကလည်း အခုလို သက်တမ်းတိုးနိုင်တာ ဘရာဇီးလ်အသင်းအတွက် သမိုင်းဝင်နေ့တစ်နေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။















