တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူခဲ့သော ဆယ်ကျော်သက်သုံးဦး လူရွယ် ၃ ဦးကို မေလ ၁၂ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အေးသာယာမြို့၊ ရပ်ကွက်(၈)၊ အေးသီရိဈေးအနီး ဖွင့်လှစ်ထားသော ဖုန်းဆိုင် ၊ ရပ်ကွက်(၈) မှာပင် ဖွင့်ထားသော နောက်ထပ် ဖုန်းဆိုင်တစ်ဆိုင်၊ စုစုပေါင်း ဖုန်းဆိုင် နှစ်ဆိုင်တွင် မေလ ၁၁ ရက် ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖုန်းဆိုင် နှစ်ဆိုင်မှ ကွန်ပျူတာ ၁ လုံးနှင့် iPhone ၄ လုံး ခိုးယူခံခဲ့ရခြင်းဖြစ်ကာ၊ မေလ ၁၃ ရက် တွင် ခိုးရာပါ ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့ က ဆိုသည်။
“ကလေးတွေပါ ၊ အသက် ၁၄ ၊ ၁၅ နှစ် ၊ ၁၆ နှစ် ဝန်းကျင် အရွယ်လေးတွေပါ၊ ခိုးမှု ၃၈၀ နဲ့ ဖွင့်လိုက်ပါပြီ။ ဆိုင်ရှင်ပေါ့လျော့တာလည်း ပါတာပေါ့။ ဖုန်းတွေကို ဆိုင်သိမ်းရင် အိမ်ကို သယ်ပြန်သင့်တာပေါ့။ မိတဲ့ ကလေးတွေက ရပ်ကွက် (၉) မှာ မိတာပါ” ဟု အေးသာယာ ရဲစခန်းမှ စခန်းမှူးက ပြောသည်။
အဆိုပါ ဖောက်ထွင်းခိုးယူခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ အေးသာယာမြို့၊ ရပ်ကွက် (၉)၊ ဇောတိကရာမ ဘုန်းကြီးကျောင်း လမ်းမပေါ်၌ မင်းကို၊ ထွန်းထွန်းနှင့် သဲစုဝေ ဆိုသူတို့ ၃ ဦးအား ခိုးယူခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူ ၃ ဦးမှာ အသက်မပြည့်သေးသူများဖြစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့နယ်တွင် ဆိုင်ကယ်ခိုးမှု ၊ ဖုန်းခိုးယူမှု မကြာခန ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။
■ စည်သာ(တောင်ကြီး)















