မေဂျာလိဂ်ပြိုင်ပွဲမှာ လစာအများဆုံးကစားသမားအဖြစ် မက်ဆီ (၃)နှစ်ဆက်တိုက် ရပ်တည်

မေဂျာလိဂ်ပြိုင်ပွဲမှာ လစာအများဆုံးကစားသမားအဖြစ် မက်ဆီ (၃)နှစ်ဆက်တိုက် ရပ်တည်
Photo: X
Photo: X
Published 13 May 2026

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ လစာအများဆုံးကစားသမားအဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

မေဂျာလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေ သုံးစွဲရတဲ့ လစာငွေပမာဏနဲ့ ကစားသမားတွေ ရရှိနေတဲ့ လစာနှုန်းထားတွေကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ မက်ဆီက ၂၀၂၆ ခုနှစ်အတွက် အခြေခံလစာ ဒေါ်လာ (၂၈.၃၃) သန်း ရရှိမှာဖြစ်တာကြောင့် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို ၂၀၂၃ ဇူလိုင်မှာ ရောက်ရှိခဲ့သူပြီး ၂၀၂၄၊၂၀၂၅၊ ၂၀၂၆ (၃)နှစ်ဆက်တိုက် မေဂျာလိဂ်ရဲ့ လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၅ တုန်းက တစ်နှစ်လစာ ဒေါ်လာ(၂၀.၄၅)သန်းရရှိခဲ့တာကြောင့် ဒီနှစ်လစာက စံချိန်သစ်ဖြစ်ခဲ့ပြီး ဒုတိယအများဆုံးကစားသမားဖြစ်တဲ့ ဆွန်ဟောင်မင် (ဒေါ်လာ ၁၁.၁၅ သန်း)ထက် နှစ်ဆကျော်ရရှိခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ကလပ်အသင်းတွေထဲမှာ လစာအများဆုံးသုံးစွဲရတဲ့အသင်းက တစ်နှစ်ကို ဒေါ်လာ (၅၄.၅၇)သန်း သုံးစွဲရတဲ့ အင်တာမိုင်ယာမီအသင်းဖြစ်ပြီး ဒုတိယအများဆုံးက ဒေါ်လာ(၃၂.၆၅)သန်းသုံးစွဲရတဲ့ LAFC အသင်း ဖြစ်ပါတယ်။

မက်ဆီ ရရှိနေတဲ့လစာက အဲဒီနှစ်သင်း ပေးချေရတဲ့ လစာနှုန်းထားထက်သာနည်းပါးပြီး ကျန်အသင်းအားလုံးထက် များပြားနေကြောင်းလည်း သိရပါတယ်။

မက်ဆီက တခြားဝင်ငွေတွေကိုပါ ထည့်တွက်မယ်ဆိုရင် အင်တာမိုင်ယာမီအသင်းမှာ တစ်နှစ်ကို ဒေါ်လာသန်း(၇၀)နဲ့ (၈၀)ကြား ရရှိနေကြောင်းလည်း သိရပါတယ်။

Most Read

Most Recent