တောင်ကြီးမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူအား သတင်း ပေးပို့သူကို ဆုကြေးငွေ တစ်သိန်းကျပ် ချီးမြှင့်မည်ဟု ကြေညာထား

တောင်ကြီးမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူအား သတင်း ပေးပို့သူကို ဆုကြေးငွေ တစ်သိန်းကျပ် ချီးမြှင့်မည်ဟု ကြေညာထား
Published 8 May 2026

တောင်ကြီးမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူအား သတင်း ပေးပို့သူကို ဆုကြေးငွေ တစ်သိန်းကျပ် ချီးမြှင့်မည်ဟု ကြေညာထားကြောင်းသိရသည်။



   တောင်ကြီးမြို့ပေါ်ရှိ ရေမြောင်းကြီးများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မရှိစေရေး အသိပညာပေး ဆိုင်းဘုတ်များ ဖြင့် ကြေညာထားကာ ပညာပေးလုပ်ငန်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ထံမှ သိရသည်။

တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက်၊ အေးသာယာ ၁၂ ရပ်ကွက် နဲ့ ရွှေညောင် ၁၁ ရပ်ကွက် ပါပါတယ်။ ပြည်သူတွေ အနေနဲ့ တောင်ကြီးမြို့ အဓိက မြောင်းကြီးတွေထဲမှာ အမှိုက်စွန့်ပစ်မှု မရှိစေရေးကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင်မှာ နိုင်ငံတော် သမ္မတကြီး လမ်းညွှန်မှုနဲ့ အညီ အများပြည်သူ အနားယူအပန်းဖြေနိုင်တဲ့ ကစားကွင်းနဲ့ ပန်းခြံတွေကို အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးသိန်းဝင်း က ဆိုသည်။



တောင်ကြီးမြို့သည် ယခင်က အာဆီယံ တွင် အသန့်ရှင်းဆုံး မြို့တော်ဆု ရရှိခဲ့ခြင်း ရှိကာ၊ ထိုဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းသော အနေဖြင့် မြို့ပေါ်တွင် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု မရှိစေရေး သန့်ရှင်းရေးဌာန ၊ စည်းကမ်းထိန်း ဌာနစိတ် အနေဖြင့်လည်း မြို့ပေါ်တွင် ပြည်သူများ ပညာပေး ၊ သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း ၊ လက်ကမ်း စာစောင် များ ဝေခြင်း ၊ ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ဆိုသည်။

ထိုသို့ ပညာပေး ကာလ ဆောင်ရွက်ပြီးသွားလျှင် လိုက်နာမှု မရှိသော စည်းကမ်းမဲ့ အမှိုက် စွန့်ပစ် သူ များကို တွေ့ရှိလျှင် ရှမ်းပြည်နယ် စည်ပင်သာယာရေး ဥပဒေ နှင့် အညီ အရေးယူသွားမည် ဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း အုတ်သဲကျောက် တင်ကားများ အမိုးအကာ တို့ဖြင့် စနစ်တကျ အုပ်၍ သယ်ယူကြရန် အမိန့်ကြော်ငြာ တစ်စောင်ကို မေလ အစောပိုင်း အတွင်း ထုတ်ပြန်ထားကာ၊ လိုက်နာမှု မရှိပါက စည်ပင်သာယာရေးဥပဒေ နှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်ရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ၊ လမ်းဘေးဝဲယာ သစ်ပင်ကြီးများ အလင်းဖွင့် လုပ်ငန်း၊ ပန်းအလှစိုက်ပျိုးခြင်းနှင့် နှစ်ရှည်ပင် စိုက်ပျိုးခြင်း၊ စည်ပင်သာယာရေး ဌာနပိုင် ရေထွက်ရေကန်များအတွင်း မြက်ခြုံ နှင့်မှော်ဒိုက်များရှင်းလင်းခြင်း လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာ လှပရေး အဓိက ထား၍ ရက် ၁၀၀ အတွင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent