အာဆင်နယ်အသင်းရဲ့ ပရိသတ်အဖွဲ့အစည်းဖြစ်တဲ့ Arsenal Supporters' Trust (AST) က ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လက်မှတ်ခွဲတမ်း ၁၇၂၀၀ ရရှိတာကြောင့် စိတ်ပျက်နေကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၅-၀၆ ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီးနောက် အခု နှစ် ၂၀ အကြာမှာ ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်နိုင်ခဲ့ပြီး ပြင်သစ်ကလပ် PSG အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
အဆိုပါ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့က Puskas Arena ကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီကွင်းက ပရိသတ် ၆၇၂၁၅ ဦး ဝင်ဆံ့ပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က လာမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လက်မှတ် ၆၁၄၀၀ သာ ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
UEFA က ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမယ့် အသင်းနှစ်သင်းရဲ့ ပရိသတ်တွေအတွက် တစ်သင်းကို လက်မှတ်ခွဲတမ်း ၁၇၂၀၀ စီ သတ်မှတ်ပေးခဲ့ပြီး ကျန်လက်မှတ်တွေကို ပရိသတ်တွေထံ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ဒါကြောင့် AST က လက်မှတ်ခွဲတမ်းအတွက် စိတ်ပျက်မိကြောင်းနဲ့ အခုထက် ပိုမိုရရှိသင့်ကြောင်း UEFA ကို ဝေဖန်ပြစ်တင်ခဲ့ကြောင်းလည်း သိရပါတယ်။
၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမေရိကန်ရော့ခ်ဂီတအဖွဲ့ The Killers ရဲ့ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်လည်း ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
ဗိုလ်လုပွဲကို မေ ၃၀ ရက် မြန်မာစံတော်ချိန် ည ၁ဝး၃၀ နာရီမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းလည်း သိရပါတယ်။















