နှစ်စဉ်ကျင်းပနေကျ ဒုတိယကမ္ဘာစစ် အောင်ပွဲခံအခမ်းအနားကျင်းပချိန်နှင့် တိုက်ဆိုင်လျှက် အပစ်အခတ်ရပ်စဲရန် ရုရှား၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက မိမိဘာသာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

နှစ်စဉ်ကျင်းပနေကျ ဒုတိယကမ္ဘာစစ် အောင်ပွဲခံအခမ်းအနားကျင်းပချိန်နှင့် တိုက်ဆိုင်လျှက် အပစ်အခတ်ရပ်စဲရန် ရုရှား၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက မိမိဘာသာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ
Published 5 May 2026
Ref:AFP

ရုရှား၏နှစ်စဉ်ကျင်းပနေကျ ဒုတိယကမ္ဘာစစ်အောင်ပွဲခံအခမ်းအနားများနှင့် တိုက်ဆိုင်ပြီီး အပစ်အခတ်ရပ်စဲရေးအတွက် ရုရှား၏တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက မိမိဘာသာအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် မေ ၅ ရက်တွင် ရုရှားအား ဖိအားပေးခဲ့သည်။

မေ ၈-၉ အပစ်အခတ်ရပ်စဲရေးလုပ်ခြင်းသည် ရုရှားအနေဖြင့် အခမ်းအနားကို အလေးအနက်မထားဆိုသည်ကို ပြသနေခြင်းဖြစ်သည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့ပြီး မေ ၅ ရက် သန်းခေါင်ယံမှစတင်သည့် အပစ်အခတ်ရပ်စဲရေးကို မိမိဘာသာကြေညာသည်ဟု ဆိုသည်။

ယူကရိန်းက ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနား အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မည်ဆိုပါက ယူကရိန်းကို ဒုံးကျည်အများအပြားဖြင့် တိုက်ခိုက်မည်ဟု ရုရှားက ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်က အရှေ့အလယ်ပိုင်းစစ်ပွဲကို အာရုံစိုက်နေသောကြောင့် ယူကရိန်းစစ်ပွဲပြီးဆုံးရေးအတွက် အမေရိကန်ဦးဆောင်သော သံတမန်ရေးကြိုးပမ်းမှုများ ရပ်နေချိန်တွင် စစ်ဖြစ်နေသော ရုရှားနှင့်ယူကရိန်းတို့က အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ကြခြင်းဖြစ်သည်။

ရုရှားတိုက်ခိုက်မှုများကြောင့် မေ ၄ ရက်တွင် ယူကရိန်းနိုင်ငံတစ်ဝန်းတွင် ကိုးဦးသေဆုံးခဲ့သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယူကရိန်းဒရုန်းတစ်စင်းသည် ညအချိန်တွင် မော်စကို လူကုံထံရပ်ကွက်ရှိ အထပ်မြင့်အဆောက်အအုံပေါ်သို့ ပျက်ကျခဲ့သည်။

“ရုရှားစစ်သေနာပတိ ဗလာဒီမာပူတင်ရဲ့ဆုံးဖြတ်ချက်နဲ့အညီ ၂၀၂၆ ခုနှစ် မေ ၈ ရက်ကနေ ၉ ရက်အထိ အပစ်အခတ်ရပ်စဲရေးကို ကြေညာပါတယ်။ ယူကရိန်းဘက်က လိုက်နာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစိုးရပိုင် MAX Messaging Service တွင် ပို့စ်တင်ခဲ့သည်။

“မဟာမျိုးချစ်စစ်ပွဲမှာ ၈၁ နှစ်မြောက် နှစ်ပတ်လည်အောင်ပွဲအခမ်းအနားကို ဖျက်ဆီးမယ့်ကိစ္စတွေကို ယူကရိန်းအစိုးရက လုပ်မယ်ဆိုရင် ရုရှားစစ်တပ်က ကိယက်ဗ်ကို ဒုံးကျည်အများအပြားနဲ့ လက်တုံ့ပြန်ရပါလိမ့်မယ်” ဟု ပို့စ်တွင် ဖြည့်စွက်ဖော်ပြခဲ့သည်။

“ကျွန်တော်တို့က ကိယက်ဗ်ရဲ့အရပ်သားပြည်သူတွေနဲ့ ပြည်ပသံတမန်အဖွဲ့တွေရဲ့ဝန်ထမ်းတွေ မြို့ကနေ ချက်ချင်းထွက်ခွာဖို့ လိုအပ်တယ်ဆိုတာ သတိပေးပါတယ်” ဟု ဖော်ပြထားသည်။

ရုရှားက ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပပြီး အင်အားကြီးမားသော စစ်ရေးပြအခမ်းအနားကို ရင်ပြင်နီတွင် ပြုလုပ်သည်။

“ရုရှားဆိုရှယ်မီဒီယာတွေမှာ ဖော်ပြနေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဒီနေ့ဒီအချိန်ထိ ယူကရိန်းကို တရားဝင်မေတ္တာရပ်ခံလာတာမရှိပါဘူး” ဟု ဇယ်လန်းစကီးက X တွင် ဖော်ပြခဲ့သည်။

“လူ့အသက်ဟာ ဘယ်နှစ်ပတ်လည် အောင်ပွဲအခမ်းအနားထက်မဆို ပိုပြီးတန်ဖိုးရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အဲဒါကြောင့် မေ ၅ ရက်သန်းခေါင်ယံကစလို့အပစ်အခတ်ရပ်စဲရေးစတင်တယ်လို့ ကျွန်တော်တို့ကြေညာပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အချိန်မည်မျှကြာမလဲဆိုသည်ကို ဇယ်လန်းစကီးက ဖော်ပြခြင်းမရှိပေ။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရေဆိုင်ဘီဂါကလည်း ရုရှား၏အပစ်အခတ်ရပ်စဲရေးကို ဝေဖန်လိုက်ပြီး “ငြိမ်းချမ်းရေးသည် စစ်ရေးပြအခမ်းအနားနှင့် အောင်ပွဲခံမှုတို့ကို စောင့်မနေနိုင်” ဟု ဆိုခဲ့သည်။ ရုရှားကစစ်ပွဲ ရပ်ချင်လျှင် မေ ၅ ရက်ညတွင်ပင် စတင်နိုင်ပြီဟုဆိုသည်။                                

 

Most Read

Most Recent