မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုအကြိမ် ၁၈၀၀ ခန့်ဖြစ်ပွားပြီး နှစ်စဉ် ၁၉ ဘီလျံခန့် ဆုံးရှုံလျက်ရှိကြောင်း ဒုတိယသမ္မတ(၁) ဦးညိုစောက ပြောကြားခဲ့သည်
မေ ၅ ရက် နံနက်ပိုင်းက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပရာ ဒုတိယသမ္မတ(၁) ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ(၁) ဦးညိုစောက မျက်မှောက်ကာလတွင် မြိုပြ၏ လူမှုစီးပွားတိုးတက်မှုများနှင့် စက်မှုလုပ်ငန်းတိုးတက် များပြားလာခြင်းကြောင့် မီးဘေးအန္တရာယ်သည် တစ်ပါတည်းဖြစ်ပေါ်လာသော ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၁၀)နှစ်တာ ကာလအတွင်း မီးလောင်မှုအကြိမ် (၁၈,၀၀၀)ကျော် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးးမှု ခန့်မှန်းတန်ဖိုး ငွေကျပ်(၁၈၇) ဘီလီယံ ကျော်ခန့်ရှိခဲ့ကြောင်း၊ နှစ်စဉ် မီးလောင်မှုအကြိမ် (၁၈၀၀) ခန့်ဖြစ်ပွားပြီး နှစ်စဉ် (၁၉)ဘီလီယံခန့် ဆုံးရှုံးလျက်ရှိကြောင်း၊ မီးလောင်မှုလျော့နည်းကျဆင်းစေရေး တွန်းအားပေး ဆောင်ရွက်စေခဲ့ရာတွင် ၂၀၂၄ ခုနှစ်တွင် မီးလောင်မှုအကြိမ် ၁၁၅၀ ကြိမ်၊ ၂၀၂၅ ခုနှစ်တွင် မီးလောင်မှု ၁၀၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်အလိုက် မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်း ကျဆင်းလာသည်ကိုတွေ့ရကြောင်း၊ ထိုကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ် တပ်ဖွဲဝင်များ၊ သီးသန့်မီးသတ်တပ်ဖွဲဝင်များ၏ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြိုးစားဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မီးသတ်တပ်ဖွဲသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး မီးသတ်လုပ်ငန်းတာဝန်များသည် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်ချက်ချင်း တုံပြန်ဖြေရှင်းဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် အသင့်ပြင်ဆင်စုဖွဲလေ့ကျင့်မှု၊ အကောင် အထည်ဖော် ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှု စသည့် လုပ်ငန်းဆိုင်ရာများတွင် မဟာဗျူဟာကျကျ ဆောင်ရွက်ပြီး အစဉ်အမြဲ အသင့်ရှိနေအောင် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ရုတ်တရက်ဖြစ်ပွား တတ်သည့် ဘေးအန္တရာယ်များတွင်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကြောင့် ယနေ့ခေတ် မီးသတ်တပ်ဖွဲသည် မီးငြှိမ်းသတ်ရေး လုပ်ငန်းတစ်ခုတည်းသာမက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းနှင့် အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းလုပ်ငန်းစသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ချက်ချင်းတုံပြန်ဆောင်ရွက်လျက်ရှိ၍ “မြန် ၃ မြန်”၊ “သင့် ၄ သင့်" ဆောင်ပုဒ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပခဲ့သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ(၁)က 'မီးသတိပြု' သီချင်းဂန္ဓဝင်တေးသီချင်း သီဆိုသူ နိုင်ငံကျော် တေးသံရှင် ဦးထွန်းရွှေ၊ အသက် ၉၅ နှစ်နှင့်အထက် မီးသတ်ဝန်ထမ်းဟောင်းများနှင့်မီးသတ်လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း တာဝန် ထမ်းဆောင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ် အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ်ဒုတိယတပ်ရင်းမှူး တို့ကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်းထိုနောက် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုခဲ့ပြီး ခန်းမအတွင်းခင်းကျင်းပြသထားသည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မှတ်တမ်းဓာတ်ပုံပြခန်းများ၊ ရှေးဟောင်းသမိုင်းဝင် မီးသတ်ပစ္စည်းကိရိယာပြခန်းများ၊ အဆင့်မြင့် အရေးပေါ်တုံပြန်မှုဆက်သွယ်ရေးစနစ်များ၊ နောက်ဆုံးပေါ် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာပြခန်းများ၊ (MICC-I)ဝန်းအတွင်း ခင်းကျင်းပြသ ထားသည့် ရှေးဟောင်းမီးသတ်ယာဉ်များနှင့် ခေတ်မီ မီးသတ်ယာဉ်/ စက်များနှင့် ရှာဖွေရေး ခွေး သရုပ်ပြမှုများအား လှည့်လည်ကြည့်ရှုမှုအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာပြခန်းနှင့် ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်းသိရခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ဒုတိယသမ္မတ(၁) ဦးညိုစော၊အစိုးရအဖွဲဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ကော်မတီ/ ကော်မရှင်များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပြည်ထောင်စုအဆင့် အဖွဲအစည်းများမှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲဝင်များ၊ အငြိမ်းစားမီးသတ်တပ်ဖွဲဝင် အရာရှိများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့်မီးသတ်တပ်ဖွဲများ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆုရရှိခဲ့ကြသည့် မီးသတ်တပ်ဖွဲဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။















